လူမဆန်ဆုံးသော ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခြင်းမျိုးစုံဖြင့် အာဏာရမ္မက်မီး ဟုန်းဟုန်းထ တောက်လောင်ခဲ့သည့် ၂ နှစ်တာ ကာလသို့ ဆိုက်ရောက်လာသည့်အချိန်တွင် အာဏာသိမ်းမှုသည် မအောင်မြင်ကြောင်း အရေးပေါ်အခြေအနေ နောက်ထပ် ၆လ သက်တမ်းတိုးခြင်းဖြင့် ဝန်ခံခဲ့ရသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့တွင် အာဏာဘီလူး မင်းအောင်လှိုင် ထိန်းချုပ်မှုအောက်ရှိ အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူခဲ့သည်။ ထို ကာလုံအစည်းအဝေးတွင် မင်းအောင်လှိုင်က အရပ်ရပ်သေ ာအခြေအနေကို ခြောက်ကပ်ပြာနှမ်းနေသော လေသံဖြင့် ရှည်လျားထွေပြား ဝေဝေဝါးဝါး ရွတ်ဖတ်ခဲ့ရာ၌ မျက်လွှာအောက်ချကာ မဖြစ်မနေ ဝန်ခံလိုက်ရသည်မှာ မြန်မာနိုင်ငံတစ်ဝန်း မြိုနယ်ပေါင်း ၃၃၀ အနက် တစ်ဝက်ခန့်ကိုသာ ထိန်းချုပ်နိုင်သေးကြောင်းဟူ၍ ဖြစ်သည်။
မင်းအောင်လှိုင်၏ ဝန်ခံချက်ထဲတွင် ရာနှုန်းပြည့် ထိန်းချုပ်နိုင်သည့် မြို့နယ်၁၉၈ မြို့နယ်သာရှိပြီး လုံခြုံရေးအရ ထိထိရောက်ရောက် ဆောင်ရွက်ရမည့်မြို့နယ် ၆၇ မြို့နယ်နှင့် လုံခြုံရေးအရ အလေးထားဆောင်ရွက်ရမည့် မြို့နယ် ၆၅ မြို့နယ်ရှိကြောင်းလည်း ပါဝင်သည်။ မင်းအောင်လှိုင်၏ဝန်ခံချက်ကို တိကျရှင်းလင်းစွာ ဖွင့်ဆိုရမည်ဆိုပါက လုံခြုံရေးအရ ထိထိရောက်ရောက် ဆောင်ရွက်ရမည့် မြို့နယ်ဆိုသည်မှာ စစ်ကောင်စီက လုံးဝ ထိန်းချုပ်ထားနိုင်ခြင်းမရှိသော မြို့နယ်များဖြစ်ပြီး လုံခြုံရေးအရ အလေးထား ဆောင်ရွက်ရမည့်မြို့နယ် ဆိုသည်မှာ တစ်စိတ်တစ်ပိုင်းကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်သော မြို့နယ်များဟု ဆိုလိုခြင်းဖြစ်သည်။
မင်းအောင်လှိုင် ထိုသို့ဖြောင့်ချက်ပေးပြီး နောက်တစ်ရက် ၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီ ၁ ရက်နေ့တွင် မြို့နယ်ပေါင်း ၁၅၀ ကျော်ရှိ ပြည်သူတို့က အသံတိတ်သပိတ်ဆင်နွှဲကာ ထိုမြို့များ၏ လမ်းမကြီးများကို တိတ်ဆိတ်ငြိမ်သက်ခြောက်ခြားစေခြင်းဖြင့် စစ်ကောင်စီ အသိရှိလာအောင် သတိပေးခဲ့သည်။ ပြည်သူတို့၏ သတိပေးချက်မှာ စစ်ကောင်စီ ထိန်းချုပ်၍ မရသောမြို့ ၁၅၀ကျော် ရှိနေသည်ဆိုခြင်းပင်။
မအောင်မြင်သော အာဏာသိမ်းမှု ၂ နှစ်တာ နေ့စွဲများသည် ကမ်းခြေသွားပြီး အပန်းဖြေနားခဲ့ခြင်း၏ ပြတ်ပြတ်သားသား ဆန့်ကျင်ဘက် မုန်တိုင်းထန်နေသော ပင်လယ်ပြင်ထဲ လှိုင်းကြမ်းလေကြမ်း လောကဓံကြမ်းကို ဖြတ်သန်းခဲ့ရခြင်းဖြစ်သည်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ မှတ်တမ်းအရ မအောင်မြင်သောအာဏာသိမ်းမှု ၂ နှစ်ပြည့်တွင် စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ပြည်သူ ၂၉၄၀ဦး ကျဆုံးခဲ့ရသည်။ ထောင်သွင်းအကျဉ်းချခံထားရမှုမှာ ၁၇၅၇၂ဦးနှင့် သေဒဏ်ချမှတ်ခံထားရ သူ၁၄၃ဦး။ သေဒဏ်ချမှတ်ခံထားရသူများအနက် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ အပါအဝင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၄ ဦး ကို အင်းစိန်ထောင်တွင်း ခိုးကြောင်ခိုးဝှက် သတ်ဖြတ်ခဲ့ပြီးဖြစ်သည်။
Data for Myanmar ၏ မှတ်တမ်းအရ စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ်၊ မေလအတွင်း ပြည်သူ့နေအိမ် ၃ လုံးကို စတင်မီးရှို့ ခဲ့ခြင်းဖြင့် စခဲ့သောဇာတ်မှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့တွင် ပြည်သူနေအိမ် ၅၅၄၈၄ လုံး မီးလောင်ပြာကျခဲ့ရ။ ယနေ့ထိတိုင် ရွာစဉ်လှည့်လည်ကာ ရွာထဲဝင် လုယက်စားသောက်ပြီးနောက် သားရေပေါ်အိပ်သားရေနားစား ရွာကို မီးရှို့ဖျက်ဆီးနေခြင်းမှာ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် နေ့စဉ်မပျက် အငွေ့တလူလူ လောင်မြိုက်နေဆဲမို့ မီးလောင်ပြာကျ ကိန်းဂဏန်းမှာ နေ့စဉ် ဆက်လက်တိုးလာဖွယ်ရှိသည်။
ပြည်သူတို့မှာ မအောင်မြင်သော အာဏာသိမ်းမှုစတင်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီ ၁ ရက်နေ့မှစ၍ ဘဏ်ထဲအပ်နှံထားသော မိမိတို့၏ စုဆောင်းငွေများကို ပြန်လည်ထုတ်ယူခွင့်မရသော အံ့မခန်းအခြေအနေမှသည် အလုပ်လက်မဲ့ဖြစ်ခြင်းများစွာ၊ ကျပ်ငွေတန်ဖိုး ဒလဟောကျဆင်းခဲ့ခြင်းကြောင့် မိမိပိုင်ငွေ ငုတ်တုပ်ထိုင် လုံးပါးပါးခြင်းဘဝနှင့် ရင်ဆိုင်ခဲ့ကြရသည်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာတွင် ထုတ်ပြန်သော ကမ္ဘာ့စီးပွားရေး စစ်တမ်းအရ နိုင်ငံသားတစ်ဦးချင်းစီ၏ ကုန်ထုတ်လုပ်နိုင်မှု ပမာဏမှာ မြန်မာသည် ကန်ဒေါ်လာ ၁၁၇၀ ဖြင့် အရှေ့တောင်အာရှ နိုင်ငံများထဲ အနိမ့်ဆုံး သို့ရောက်ရှိခဲ့ပြီဖြစ်သလို ရှေ့ဆက်ခရီးတွင်လည်း တိုင်းပြည်စီးပွားရေး ဘဝသည် ငရဲသို့ ဇောက်ထိုးဆင်းဦးမည် သာဖြစ်သည်။
၁၉၆၂ ခုနှစ်တွင် ပထမ အာဏာရှင် နေဝင်းက တိုင်းပြည်အာဏာကို လက်နက်အားကိုးဖြင့် အာဏာသိမ်းခဲ့ရာ ရက်ပိုင်းအတွင်း အာဏာသိမ်းမှု ပြီးမြောက်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင်လည်း စောမောင် ဦးဆောင်သော စစ်တပ်က ထပ်မံ အာဏာသိမ်းခဲ့ရာ တစ်လခန့်အကြာတွင် ပြည်သူ မပေးသော အာဏာပလ္လင်ပေါ် အရောက်လှမ်းနိုင်ခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီ ၁ ရက်တွင် အဆင်ခြင်ကင်းမဲ့သော မင်းအောင်လှိုင်က အာဏာသိမ်းခဲ့ပြန်ရာ ၂ နှစ်ပြည့်သည့်တိုင် အရာမထင်၊ နောက်ထပ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာရသဖြင့် ၂၀၂၃ ခုနှစ်၊ ဖေဖေါ် ဝါရီ ၃ ရက်နေ့တွင် စုစုပေါင်း စစ်အုပ်ချုပ်ရေး ကြေညာထားသည့်မြို့ ၄၄ မြို့ ဖြစ်လာသည်အထိ မင်းအောင်လှိုင် ရူးခါခဲ့ရသည်။
သို့သော် မင်းအောင်လှိုင်နှင့် အပေါင်းအပါတစ်စုသည် မြေအဆုံး ရေအဆုံး ငရဲတဆုံးထိတိုင် ဆက်လက်မိုက် တွင်း နက်မည်မှာ သေချာနေသဖြင့် နွေဦးတော်လှန်ရေး အောင်လံကို ဆက်လက်ချွန်မြကာ စစ်အာဏာရှင်စနစ်ကို ကြိုးစင်ပေါ်ပို့ရန်ကလွဲ မှတပါး…အခြားမရှိပေ။ ပြည်သူတို့သည် ဒီမိုကရေစီမုခ်ဦးဆီသို့ အရောက်ချီခြင်းကလွဲ အခြားရွေးချယ်စရာမရှိဟု MPA အနေနှင့် ယုံကြည်ပါသည်။