“၂၀ နဲ့ ၆ ယောက်သတ်ခဲ့တယ်”
လက်မောင်းမှာ အရစ် ၃ ရစ်တပ်ကြပ်ကြီး အဆင့်ဟု ယူဆရသည့် အကြမ်းဖက် စစ်ကောင်စီ စစ်သား တစ်ယောက်က ပြောလိုက်ခြင်း ဖြစ်သည်။
RFA သတင်းဌာနက ရရှိထားသော ရုပ်သံ တစ်ခုတွင် ခေါင်းဖြတ် သတ်ခြင်း အပါအဝင် လူများစွာကို မည်သို့ မည်ပုံ သတ်ဖြတ်ခဲ့ကြောင်း ပေါ့ပေါ့ပါးပါး ပြောဆိုနေကြသည့် စစ်သား ၃ ယောက် စကားဝိုင်းမှာ အဆိုပါ တပ်ကြပ်ကြီးက စတင် ပြောကြားခြင်း ဖြစ်သည်။
“အဲဒါ ကလေး”
အလယ်က နှုတ်ခမ်းမွေးနှင့် တစ်ယောက်က ပြောလိုက်သည်။
သူဆိုလိုသည်က ၂၆ ယောက်ခန့် သတ်ခဲ့ဖူးတာကို အရေးတယူ ပြောနေရသေးသည် ဟူသော သဘောဖြစ်သည်။
“မယုံရင် လာပြီး ကြည့်ကြည့်လိုက် သတ်တဲ့ နေရာမှာ Expert (ကျွမ်းကျင် အဆင့်)”ဟု ယာဘက်က စစ်သား တစ်ယောက်၏ ပြောကြားချက်ကိုလည်း ကြားရသည်။
သူတို့ ၃ ယောက်စလုံးသည် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့မှ ဖြစ်ကြောင်း ခိုင်လုံသည့် အထောက်အထားများကိုလည်း ရုပ်သံမှာ ဖော်ပြထားပါသည်။
ယခု ရုပ်သံ ရိုက်ကူးထားသည့် လက်ကိုင်ဖုန်း တစ်လုံးကို စစ်ကိုင်းတိုင်း အရာတော်မြို့နယ် အတွင်းက ဒေသခံ တစ်ဦးက ကောက်ယူ ရရှိပြီးနောက် RFA သတင်းဌာနသို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
လက်ကိုင်ဖုန်းထဲတွင် တခြားသော အရပ်သား ပြည်သူ လူ ၃၀ ခန့်ကို လက်ပြန်ကြိုးတုပ် ဖမ်းဆီးထားသူများနှင့် သတ်ဖြတ်ထားသူ ၅ ဦးခန့်၏ မှတ်တမ်း ဓာတ်ပုံပေါင်း ၁၄၀ ကျော်လည်း ပါရှိနေသည်။
အဆိုပါ လူ ၃၀ ခန့်ကို ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့က အစုလိုက် အပြုံလိုက် မီးရှို့သတ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရပါသည်။
စစ်ဆေးချက်အရ အဆိုပါ ဓာတ်ပုံ မှတ်တမ်းများတွင် တွေ့ရှိရသူများမှာ စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မုန်တိုင်ပင် ကျေးရွာ ဒေသခံများ ဖြစ်ကြောင်း တရွာတည်းနေ ရွာခံများနှင့် အဖမ်းခံရပြီး ပြန်လည် လွတ်မြောက်လာသူ တချို့က အတည်ပြု ထားပါသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများ၏ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုသည် ယခု တစ်ကြိမ်းတည်း မဟုတ်ပေ။
၂၀၂၁ ခုနှစ် ဇူလိုင် ၁၁ ရက်မှ ၂၀၂၂ ခုနှစ် မေလ ၁၂ ရက်အထိ အကြမ်းဖက် စစ်ကောင်စီက ကျူးလွန်သည့် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများတွင် အရပ်သား ပြည်သူ ၂၀၀ နီးပါး သေဆုံးခဲ့ရကြောင်း NUG အစိုးရ လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းက လူမှုကွန်ရက်မှာ ထုတ်ဖော် ပြောဆိုထားပါသည်။
သတ်ဖြတ်ခံရသူများမှာ ကနီ၊ ဆားလင်းကြီး၊ မတူပီ၊ ဖရူဆို၊ မြင်းမူ၊ ရေဦး၊ ကလေး၊ ဂန့်ဂေါ၊ ရွာငံ စသည့် မြို့နယ်များက ဖြစ်သည်ဟုလည်း ဆိုပါသည်။
အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုများသည် ကနီမြို့နယ်မှ ၅၅ ဦး၊ ဆားလင်းကြီးမြို့နယ်မှ ၁၀ ဦး၊ ဖရူဆို မြို့နယ်တွင် ၄၉ ဦး၊ မတူပီမြို့နယ်တွင် ၁၁ ဦး၊ မြင်းမူမြို့နယ်တွင် ၈ ဦး၊ ကလေးမြို့နယ်တွင် ၃ ဦး၊ ဂန့်ဂေါမြို့နယ်တွင် ၅ ဦး၊ ရေဦး မြို့နယ်တွင် ၃၁ ဦးနှင့် ရွာငံမြို့နယ်တွင် ၉ ဦး ဖြစ်ကြောင်း လူ့အခွင့်အရေး ဝန်ကြီး ပြောဆိုချက်အရ သိရပါသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက် ခရစ်စမတ် အကြိုကာလ ကလည်း ကယားပြည်နယ် (ကရင်နီပြည်) ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာ အနီးတွင် စစ်ကောင်စီ၏ တပ်မ ၆၆ လက်အောက်ခံ တပ်များက ကလေးငယ်များ အပါအဝင် ပြည်သူ ၃၀ ကျော်ကို ယာဉ် ၇ စီးနှင့်အတူ မီးရှို့သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါသေးသည်။
စုံစမ်း စစ်ဆေးသူများ၏ အဆိုအရ မသန်စွမ်းသူ တဦး အပါအဝင် အမျိုးသား ၂၆ ဦးနှင့် အမျိုးသမီး ၅ ဦး၏ ရုပ်အလောင်း အား အတည်ပြုနိုင်ပြီး အတည်မပြုနိုင်တဲ့ မီးကျွမ်း ရုပ်အလောင်းများ ရှိကြောင်းလည်း သိရပါသည်။
အဆိုပါ မီးရှို့သတ်ဖြတ်ခံရသူများတွင် လူသားချင်း စာနာမှု အကူအညီပေးရေး ဆောင်ရွက်နေသည့် နိုင်ငံတကာ အဖွဲ့ Save The Children မှ ဝန်ထမ်း ၂ ဦးလည်း ပါဝင်ခဲ့ပါသည်။
ယခုကဲ့သို့ အကြမ်းဖက် စစ်ကောင်စီ တပ်က နိုင်ငံတဝန်းရှိ နေရာဒေသများစွာမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများကို ကျူးလွန်နေခြင်းသည် ညွှန်ကြားချက်ဖြင့် စစ်ဆင်ရေး တရပ် ပြုလုပ်နေခြင်း ဖြစ်ကြောင်း သံသယပွားစရာ မရှိပါ။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ကလည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ စပြီး မတရား အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို ဆန့်ကျင်ခဲ့ကြသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်း ၂,၀၀၀ ခန့်ရှိခဲ့ပြီ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထိုသို့ အရပ်သား ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက် သတ်ဖြတ်နေမှုများနှင့် ပတ်သက်ပြီး အမေရိကန်၊ ပြင်သစ် ကဲ့သို့သော နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း လက်မခံကြောင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည် ဖြစ်ကြောင်းလည်း ထုတ်ဖော်ပြောဆို ကြပါသည်။
အကြမ်းဖက် စစ်တပ်သည် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများနှင့် ပတ်သက်သည့် တာဝန်ယူမှု၊ တာဝန်ခံမှုကို မဆိုထားနှင့် နေ့စဉ် ရွတ်ဆိုပြီး စောင့်ထိန်းအပ်သည့် စစ်သား သစ္စာဓိဌာန်ကိုပင် စောင့်ထိန်းခြင်း မရှိ၊ စည်းကမ်း ဥပဒေမဲ့စွာ လုပ်ကိုင် ဆောင်ရွက်နေသူများ ဖြစ်ပါသည်။
သစ္စာဓိဌာန် ၄ ချက်ထဲက နံပါတ် (၁) အချက်ဖြစ်သည့် “ငါတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိ ရိုသေပါမည်” ဟူသည့် အချက်ကို ပြောင်ပြောင်တင်းတင်းပင် ချိုးဖောက်နေကြပါသည်။
တပ်သား အဆင့်ကနေ အရာရှိ၊ အရာအခံ၊ ဗိုလ်ချုပ်ကြီးများ အဆင့်ဆင့် သစ္စာကို စောင့်သိနေကြသူများသာ ဖြစ်နေပါသည်။
မျက်လုံး ၂ လုံး ရှိသော်လည်း ၁ လုံးသာ မြင်သူ၊ နား ၂ ဘက်ရှိသော်လည်း ၁ ဘက်သာ ကြားသူများ ဖြစ်နေပါသည်။
အထက်အရာရှိက ပြတာကိုပဲ မြင်ပြီး၊ အထက်အရာရှိ ပြောတာကိုသာ ကြားသော ၁ ဘက်မြင်၊ ၁ ဘက်ကြားများသာ ဖြစ်နေပါသည်။
ပြည်သူကို သစ္စာ စောင့်သိ ရိုသေလေးစားခြင်းထက် ကိုယ်ပိုင်နံပါတ်ကိုသာ လေးစားခြင်း၊ အခွင့်အာဏာကိုသာ မက်မောနေကြခြင်းက လက်တွေ့ အရှိတရားလည်း ဖြစ်နေပါသည်။
စစ်သင်တန်း ကျောင်းများတွင်လည်း စီနီယာ၊ ဂျူနီယာ အပိုးကျိုးစေရန် ဦးချိုးနှိမ်ချသော ဆက်ဆံရေး စနစ်များကိုလည်း ကျင့်သုံးထားပါသည်။
အောက်ခြေ ရဲဘော် တပ်သားအများစုမှာ ပညာ အခြေခံ နည်းပါးသူများ၊ ရပ်ထဲ ရွာထဲ နေမဖြစ်၍ စစ်တပ်ထဲ ရောက်ရှိ လာသူများ၊ ရာဇဝတ် မှုခင်း ကျူးလွန်းထားသည့် အတွက် အကာအကွယ် အနေနှင့် စစ်တပ်ထဲ ရောက်ရှိလာသူများ၊ အဓမ္မ တပ်သားသစ် စုဆောင်းခံရသူများဖြစ်ပြီး ခံယူချက် ယုံကြည်ချက်ဖြင့် စစ်တပ်ထဲ ရောက်ရှိ အမှုထမ်းသူများ မဟုတ်ကြပါ။
နိုင်ငံတကာမှာ တိုင်းပြည် ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်ခဲ့သည့် စစ်သားများ အတွက် ဂုဏ်ယူစွာ ပြောဆိုကြသည့် ဆိုရိုးစကား တစ်ခုကိုလည်း သတိရစရာ ဖြစ်နေပါသည်။
“Once a soldier, Always a soldier. တစ်ခါ စစ်သားဖြစ်ဖူးရင် အမြဲတမ်း စစ်သားပါပဲ” ဆိုသည့် ဆိုရိုးစကား တစ်ခု ဖြစ်သည်။
စစ်သားဖြစ်ရခြင်းကို ဂုဏ်ယူရေးထက် စစ်သားဖြစ်စဉ်မှာ ဂုဏ်ယူလောက်စရာ လုပ်ကိုင် ဆောင်ရွက်ခဲ့သည်များကို အမှတ်ရနေသည့် စိတ်ဓာတ်ဖြင့် ပြောကြားခြင်း ဖြစ်သည်ဟု ဆိုချင်ပါသည်။
အထက်ပါ ဆိုရိုးစကားသည် ကိုယ့်ပြည်သူကို ကာကွယ် စောင့်ရှောက်ရမည့် အစား မတရားဖမ်းဆီး သတ်ဖြတ်နေသော မင်းအောင်လှိုင်၏ အကြမ်းဖက် စစ်တပ်က စစ်သားများနှင့် လုံးဝ မအပ်စပ်သည့် စကား ဖြစ်ပါသည်။
ကမ္ဘာမှာ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် ဂျာမန် နာဇီ စစ်ခေါင်းဆောင်များကို နျူရင်ဘတ် စစ်ခုံရုံးက ပြစ်ဒဏ် စီရင်ခဲ့သည့် သာဓက ရှိသည်ကို အများသိပြီး ဖြစ်ပါသည်။
လက်နက်မဲ့၊ အကာအကွယ်မဲ့ ကိုယ့်အရပ်သား ပြည်သူများကို ပစ်မှတ်ထား ဖမ်းဆီးပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်နေသော အကြမ်းဖက် စစ်ကောင်စီကိုမူ အရေးယူ အပြစ်ပေးရုံမျှနှင့် မလုံလောက်ပါဟု ဆိုချင်ပါသည်။
သို့ဖြစ်ပါ၍ မတရား အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ၏ စစ်တပ် တစ်ခုလုံးကို အလုံးစုံ မြေလှန် ပြောင်းလဲရေးသည်သာ အမှန်တကယ် ပြုလုပ်ရန် လိုအပ်ကြောင်း ရေးသားလိုက်ရပါသည်။ ။