စစ်ကောင်စီအတွက် တတိယအကြီးဆုံး လက်နက်ရောင်းချနေသော နိုင်ငံဖြစ်သကဲ့သို့ ဘဏ္ဍာရေး ဗဟိုချက်ဖြစ်သည့် စင်ကာပူနိုင်ငံ၏ ထောက်ပံ့နေသော လက်နက်နှင့် ငွေကြေးလမ်းကြောင်းများအား ပိတ်ဆို့နိုင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှုပြုလုပ်မည့် Bloody Money- သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုမှ တာဝန်ရှိသူတစ်ဦးနှင့် ဆက်သွယ်မေးမြန်းထားသည်များအား ပြန်လည်ဖော်ပြလိုက်ပါသည်။
မေး – စင်ကာပူနိုင်ငံကနေ စစ်အုပ်စုကို ထောက်ပံ့နေတဲ့ လက်နက်နဲ့ ငွေကြေးလမ်းကြောင်းတွေ ပိတ်ဆို့ဖို့အတွက် လှုပ်ရှားမှုတွေ ပြောပြပေးပါဦး။
ဖြေ – စင်ကာပူနိုင်ငံဟာ စစ်အုပ်စုအတွက် လက်နက်များ၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ၊ ဗုံးကြဲ လေယာဉ်ဆီ၊ နည်းပညာတွေ ရောင်းချပေးနေတဲ့ တတိယမြောက်အကြီးဆုံးနိုင်ငံ ဖြစ်ပါတယ်။ စင်ကာပူကနေဖြတ်ပြီးတော့မှ နိုင်ငံတကာက လက်နက်တွေ ရတယ်။ ကပစ စက်ရုံတွေအတွက် ကုန်ကြမ်းတွေက အစ စင်ကာပူကနေ စီးဆင်းနေတယ်။ လက်နက်ဝယ်ယူရေး၊ လေယာဉ်ဆီဝယ်ယူရေးတွေအတွက်လည်း စင်ကာပူရဲ့ ဘဏ်စနစ်တွေကနေ ငွေလွဲ၊ ငွေယူ၊ ငွေပြောင်း ကိစ္စတွေ အားလုံးကို စင်ကာပူအစိုးရ ရပ်တန့်ပေးရပါမယ်။ ဒါတွေကို ကုလသမဂ္ဂရဲ့ အစီရင်ခံစာနဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ စင်ကာပူရဲ့ ပါဝင်ပတ်သက် ထောက်ပံ့နေမူတွေကို အတိအလင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရက်ချိုလက်ကလည်း စင်ကာပူဟာ ငွေကြေးဆိုင်ရာမှာ မြန်မာ စစ်တပ်ကို ဩဇာရှိနေပြီး ကိုင်တွယ်နိုင်ကြောင်းနဲ့ ကိုင်တွယ်ဖို့ကို သူ့ခရီးစဉ်မှာ ပြောကြားထားတာရှိပါတယ်။
မေး – စင်္ကာပူနိုင်ငံက UOB လိုမျိုးက စကစနဲ့ အဆက်အဆံမလုပ်တော့ဘဲ ဖြတ်တောက်တာတွေရှိတာကရော လက်ရှိမှာ ဘယ်လို အခြေအနေမျိုးရှိပါသလဲ။
ဖြေ – UOB က ပိတ်ဆို့တာ ဘဏ်တစ်ခုတည်းက ပိတ်ဆို့ထားတာပါ။ မလုံလောက်ပါဘူး။ စစ်အုပ်စုဟာ လက်ရှိမှာ စင်ကာပူရဲ့ ဘဏ်ငွေကြေးစနစ်တွေကို အသုံးပြုခွင့်ရနေသေးပြီး စစ်တပ်အတွက် အရေးကြီးတဲ့ ထောက်တိုင်ဖြစ်နေပါတယ်။ စစ်အုပ်စုအတွက် စင်ကာပူနိုင်ငံဟာ ငွေကြေးဗဟိုချက်အဖြစ် ရပ်တည်လျက်ရှိပါတယ်။ စင်ကာပူဘဏ် (၉) ခုမှာ- ( DBS, UOB, OCBC, SMBC, May Bank (Singapore), Mizuho (Yangon branch), CIMB, MUFG and SCB) မြန်မာနိုင်ငံရဲ့ နိုင်ငံခြား အရန်ငွေ ၄.၅ ဘီလီယံကျော် ရှိနေပါတယ်။ ဒါတွေ အားလုံးကို စစ်အုပ်စုဟာ လုံးဝ သုံးစွဲခွင့် မရဖို့ သေချာနေရပါမယ်။
UOB တစ်ခုတည်းက ကန့်သတ်ရုံနဲ့ မရပါဘူး။ မလုံလောက်ပါဘူး။ စင်ကာပူနိုင်ငံပိုင်တွေမှာ ရှိနေတဲ့ မြန်မာနိုင်ငံရဲ့ တရား၀င်အစိုးရသာလျှင် ပိုင်ဆိုင်တဲ့ နိုင်ငံခြား အရန်ငွေကြေးဖြစ်တဲ့ (ရန်ပုံငွေ) အမေရိကန် ဒေါ်လာ ၄.၅ ဘီလီယံကျော်ကို တရားမဝင် စစ်အုပ်စု လုံးဝ သုံးစွဲခွင့် မရစေရန် အတွက် လုံးဝ သေချာနေဖို့ စင်ကာပူအစိုးရဟာ ငွေကြေးခဝါချမှု၏ အရေးယူ ပြဌာန်းချက်များကို အသုံးပြုပြီး ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ အမြန်ဆုံးပြုလုပ်ဖို့ လိုနေပါတယ်။
ထန်တလန်၊ လက်ယက်ကုန်း၊ အနန်ပါ၊ ဇီးပင်ကြီးနဲ့ မုန်လိုင်ခက်လို စတဲ့နေရာတွေမှာ ကျတော်တို့ ပြည်သူတွေ၊ ကလေးငယ်တွေ အသက်ပေးလိုက်ရတဲ့ ကိစ္စတွေ ထပ်မဖြစ်ဖို့ စင်ကာပူနိုင်ငံက အကြမ်းဖက်စစ်အုပ်စုကို လက်ရှိမှာ ထောက်ပံ့နေတဲ့ လက်နက်နှင့် အသုံးပြုခွင့်ပေးထားတဲ့ စစ် လက်နက်နှင့် နည်းပညာဝယ်ယူရေး ငွေကြေးလမ်းကြောင်းအားလုံးကို ပိတ်ဆို့ဖို့ တောင်းဆိုတာ ဖြစ်ပါတယ်။
မေး – ကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှုဆိုတာက ဘယ်လိုမျိုး လှုပ်ရှားမှုလဲ။
ဖြေ – စင်ကာပူဟာ မြန်မာစစ်တပ်ကို လက်နက်ပို့တာ ရောင်းတာ ပိတ်ပင်ထားတယ်လို့ မီဒီယာတွေကိုပြောပြီး တကယ်က နောက်ကွယ်မှာ လက်နက် ငွေကြေးအကြီးအကျယ် ထောက်ပံနေတာ အသုံးပြုခွင့်ပေးနေတဲ့ နေရာမှာ တတိယမြောက် အကြီးမာဆုံး ဖြစ်နေတဲ့အပြင် ရုရှား တရုတ်တို့လို့ နိုင်ငံတွေကနေလာတဲ့ လက်နက်နဲ့ ငွေပြောင်းငွေလွဲတွေမှာ သူက ကြားခံ Agent လုပ်နေတယ်။
စင်ကာပူ လက်နက်ကုမ္ပဏီ ၁၃၈ ခု ဟာ စစ်အုပ်စုထံကို အမေရိကန်ဒေါ်လာ ၂၅၄ သန်းဖိုးအထိ လက်နက်များ ကုန်သွယ်ရောင်းချခဲ့တဲ့အကြောင်းတွေဟာ ကုလသမဂ္ဂ အစီရင်ခံစာ တက်လာတဲ့အခါ ရှင်းရှင်းလင်းလင်း ရုပ်လုံးပေါ်လာပါတယ်။ အဲ့ဒါအပြင် Justice for Myanmar လို သုတေသနအဖွဲ့တွေက ထုတ်ပြန်နေတဲ့ အချက်အလက်တွေမှာ သေချာတွေ့နိုင်ပါတယ်။
ကမ္ဘာဇာတ်ခုံ ပေါ်မှာတော့ စစ်တပ်ကို လက်နက် မပေးဘူး၊ တားမြစ်ပါတယ်ပြောပြီး နောက်ကွယ်မှာ စစ်ရာဇဝတ်မှုကနေ အပြည့်အဝ အကျိုးအမြတ်ရယူနေတာကို ကျတော်တို့က အသံထုတ်ဖို့လိုပါတယ်။ လိမ်နေတာကို အမှန်တရား ဖော်ရပါမယ်။ စင်ကာပူက အမြဲပြောနေတဲ့ သူတို့ဟာ သန့်ရှင်းတဲ့ စီးပွားရေး၊ ဂုဏ်သိက္ခာရှိတဲ့ စီးပွားရေး ရင်းနှီးမြုပ်နှံမှုတွေ လုပ်နေတယ်ဆိုပြီး ကမ္ဘာကို သတင်းလွှင့် ကြေညာ ဂုဏ်ယူနေတာဟာ မြန်မာပြည်က ကလေးတွေရဲ့ အသက်တွေ လူသားတွေရဲ့ သွေးတွေနဲ့ ရင်းထားတာလားလို့ မေးခွန်းထုတ်ချင်လို့ပါ။
ပြီးတော့ စစ်ရာဇဝတ်မှုမှာ ပါဝင်နေတာကို ရပ်တန့်ဖို့ သူတို့မှာ အစွမ်းအစ ရှိနေပြီးသားမို့ ရပ်တန့်လိုက်ဖို့ တောင်းဆိုနေတာပါ။ အခု စင်ကာပူအစိုးရကို ဖိအားပေးတဲ့ လှုပ်ရှားမှုကို ပြည်တွင်း၊ ပြည်ပ ဟန်ချက်ညီညီ ပူးပေါင်း အသံထုတ်ဖော်ပြီး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအဖြစ် တော်လှန်ရေး အဖွဲ့အစည်းတွေ ပူးပေါင်းပြီး လှုပ်ရှားနေတာပါ။ မအလ စစ်အုပ်စုရဲ့ စစ်ဆင်ရေးအတွက် logistic၊ လေကြောင်းတိုက်ခိုက်မှု၊ စစ်လက်နက်တွေ အတွက် အားကိုးနေရတဲ့ ထောက်တိုင်တစ်ခုကို ရိုက်ချိုးဖို့ ကြိးစားနေကြတဲ့ လှုပ်ရှားမှုပါ။
မေး – ကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှုမှာ ပြည်သူရဲ့ ပါဝင်မှုက ဘယ်လောက်ထိ အရေးကြီးပါသလဲ။
ဖြေ – ပြည်သူတစ်ယောက်ချင်းစီရဲ့ အသံက နိုင်ငံတကာအစိုးရတွေကို တောင်းဆိုတဲ့အခါမှာ ပိုပြီးတော့ အားကောင်းစေပါတယ်။ အဖွဲ့တစ်ဖွဲ့ အစုတစ်စုက တောင်းဆိုတယ်ဆိုတာထက် မြန်မာပြည်သူလူထုအားလုံးက တောင်းဆိုပါတယ် ဆိုတာမျိုးဆို နိုင်ငံတကာအစိုးရအနေနဲ့ တောင်းဆိုချက်ကို လုပ်ဆောင်ဖို့ ပိုပြီး ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့ ပြည်သူတစ်ဦးချင်းစီတိုင်း ပါဝင်ဖို့ အရေးကြီးတာပါ။ ပြည်သူတွေရဲ့ ပါဝင်မှုက အခရာပါပဲ။
လူထုက ဒီတောင်းဆိုမှုတွေကို လက်မှတ်ပိုမို ပါဝင်ရေးထိုးလေ၊ ကမ်ပိန်းကာလ တစ်လျှောက်လုံးမှာ တောင်းဆိုလေ၊ အသံထုတ်လေ စင်ကာပူကနေ စစ်အုပ်စုထံ လက်နက်စီးဆင်းမှုလမ်းကြောင်းတွေ အမှန်တကယ် ဖြတ်တောက်ဖို့အတွက် အကျိုးပြုလေ ဖြစ်ပါတယ်။ စင်ကာပူ အစိုးရအနေနဲ့လည်း လွှတ်တော်ထဲကနေ မြန်မာပြည်သူတွေရဲ့ တောင်းဆိုမှု ပိုမိုကျယ်လာလေ ကမ္ဘာဇာတ်ခုံပေါ်မှာ သံသမန်နည်းအရ ကြည့်ကောင်း ကြားကောင်းအောင် ပြောနေလို့မရပါဘူး။ ပျားရည်တိုက်နေလို့မရတော့ပါဘူး။ မအလ စစအုပ်စုရဲ့ စစ်ရာဇဝတ်မှု တွေကို နောက်ကွယ်ကနေ တိတိကျကျပံ့ပိုးနေတာတွေကို စင်ကာပူက တကယ် အဆုံးသတ်ပေးရပါလိမ့်မယ်။
ဒါတွေဖြစ်လာဖို့အတွက် ပြည်သူတစ်ဉီးချင်းစီရဲ့ လက်မှတ်နဲ့ တောင်းဆိုမှုတွေက တော်လှန်ရေးအတွက် အခရာကျပြီး ကျတော်တို့ရဲ့ တော်လှန်ရေး ရဲဘော်တွေ သွေးထွက်သံယိုနည်းပြီး အိမ်ပြန်ရမယ်။ ထွက်ပြေးနေရတဲ့ ပြည်သူတွေ၊ သံတိုင်နောက်က လူငယ်၊ လူကြီးအားလုံး အမြန်ဆုံး အိမ်ပြန်နိုင်မှာ ဖြစ်ပါတယ်။
မေး – ဒီလိုလှုပ်ရှားမှုတွေမှာ ပြည်သူရဲ့ ပါဝင်မှုနှုန်းက ဘယ်လောက်ရှိပါသလဲ။
ဖြေ – စင်ကာပူအစိုးရက မအလ စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ ကိစ္စတွေမှာ ဘယ်လောက် ထိပါဝင် ပတ်သက် ထောက်ပံ့နေလဲ၊ ပြည်သူတွေအနေနဲ့လည်း စစ်အုပ်စု မြန်မြန်ပြိုလဲဖို့ အားလုံးတူတူ တောင်းဆိုဖို့နဲ့ အသံထုတ်ဖို့ အတွက် (awareness) အသိပညာပေး ကာလအနေနဲ့ လုပ်ဆောင်နေပါတယ်။ လက်ရှိ စင်ကာပူအစိုးရကို စာပေးပို့တောင်းဆိုရာမှာ ပြည်တွင်း၊ ပြည်ပအဖွဲ့တွေအပြင် ပြည်သူတွေကိုယ်တိုင် သဘောတူ တောင်းဆိုကြောင်း လက်မှတ်ရေးထိုးထားတဲ့ petition လက်မှတ်အရေအတွက် ၂၃၀၀၀ ကျော် ရနေပါပြီ။ လူထုရဲ့ ပါဝင်မှုနှုန်းဘယ်လောက် ထပ်ရှိလာမလဲဆိုတာကို ကမ်ပိန်းကာလ အောက်တိုဘာ ၂၅ ကနေ ၃၁ အတွင်းစောင့်ကြည့်သွားနိုင်ပါတယ်။ လူထုအင်အား ဒီထပ်ပိုပါဝင်ဖို့ပဲ ရှိပါတယ်လို့ ကျတော်တို့က ယုံကြည်ပါတယ်။
မေး – ဒီလို တောင်းဆိုမှုတွေရဲ့ အမှန်တကယ် ထိရောက်မှု အခြေအနေလေး သိပါရစေ။
ဖြေ – ထိရောက်တာပေါ့။ သိပ်ထိရောက်တာပေါ့။ စစ်အုပ်စု အာဏာပြုတ်ကျရေး အာဏာရှင်စနစ် အဆုံးသတ်ရေးမှာ PDFs, EROs တွေရဲ့ လက်နက်ကိုင် တိုက်ပွဲဝင်မှုတွေနဲ့အတူ တစ်ပြိုင်နက်တည်း တော်လှန်ရေး ကမ်ပိန်း လှုပ်ရှားမှုတွေဟာ စဉ်ဆက်မပြတ် တောင်းဆို အသံထုတ်ဖော် ပြောဆိုနေရမှာဖြစ်ပါတယ်။
နိုင်ငံတကာက အစိုးရတွေ၊ ပါလီမန်တွေ၊ လွှတ်တော်အမတ်တွေကို ကျတော်တို့တွေ ဖိအားပေးတောင်းဆိုမှုတွေ ရှိနေမှ ပြည်သူအသံနဲ့ တောင်းဆိုနေမှ တစ်ဘက်မှာ ရာဇဝတ်ဂိုဏ်း စစ်အုပ်စုနဲ့ ဆက်ဆံနေတဲ့ သံသမန်ရေးရာ ကိစ္စတွေ၊ အကျိုးတူ ပူးပေါင်းထောက်ပံ့ကျူးလွန်နေကြတဲ့ စစ်ရာဇဝတ်မှု၊ လက်နက် ထောက်ပံ့ရေး ကိစ္စတွေဟာ အဟန့်အတား၊ အတားအဆီး၊ အရေးယူမှုတွေ ဖြစ်လာတာပါ။
ဒီလိုတောင်းဆိုမှုတွေသာ မရှိရင် စစ်တပ်ဟာ သူရဲ့နယ်ပယ်ကို နိုင်ငံတကာမှာ ပိုမိုချဲ့ထွင်လာနိုင်မှာ ကြာပေါ့။ စစ်အုပ်စုက လက်နက်အားကိုး အာဏာလု ယူခဲ့ပြီး ၂ နှစ်ကျော်ကြာတဲ့အထိ အာဏာမတည်မြဲတာ၊ အာဏာလုမှု မအောင်မြင်နိုင်တာဟာ တော်လှန်ရေး အောင်နိုင်ဖို့ ကြိုးစားနေကြတဲ့ နည်းနာတွေအားလုံးထဲက ပြည်သူတွေအားလုံး တောင်းဆို လှုပ်ရှားမှုတွေကြောင့်လည်း ဖြစ်ပါတယ်။
ကမ်ပိန်း လှုပ်ရှားမှုတွေကနေ တစ်ဆင့် စစ်အုပ်စုနဲ့ နောက်ကွက်ကနေ ပူးပေါင်းနေတဲ့ မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူး နိုင်ငံတွေရော ပေါ်တင် ထောက်ပံ့နေတဲ့ နိုင်ငံတွေရော သူတို့အားလုံးရဲ့ စစ်ရာဇဝတ်မှုတွေမှာ ပူးပေါင်းပါဝင်နေမှုတွေကို ဖော်ထုတ်ရမှာဖြစ်တယ်။ တော်လှန်ရေးနိုင်တဲ့ အချိန်မှာ ဒီနိုင်ငံတွေဟာ အသက်ဆုံးရှုံးခံရတဲ့ ပြည်သူတွေအတွက် ပြန်လည် တာဝန်ယူ အရေးယူခံရမှာဖြစ်တယ်။
ဟုတ်ကဲ့ အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက် MPA အနေနဲ့ ကျေးဇူးတင်ပါတယ်။