ထားဝယ်ခရိုင် လောင်းလုံမြို့နယ်အတွင်းရှိ ငွေလွဲငွေထုပ် ပြုလုပ်သည့် နေအိမ်တစ်အိမ်ကို အမည်မသိလူနှစ်ဦးက ဓားပြတိုက်သည့် ဖြစ်ရပ် မေလ ၂၄ ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယမန်နေ့ နံနက် ၁၁နာရီ ဝန်းကျင်ခန့်တွင် လောင်းလုံမြို့နယ် မင်းရပ်ကျေးရွာရှိ ငွေလဲငွေထုတ်ပြုလုပ်သည့် ဒေါ်ညိုအိမ်ကို အမည်မသိ လူနှစ်ဦးက ဆိုင်ကယ်ဖြင့်ရောက်လာပြီး ပါလာသည့် သေနတ်များဖြင့် ခြိမ်းခြောက်ကာ ဓားပြတိုက်ခဲ့ခြင်းဖြစ်သည်။
“လူငယ်လေးနှစ်ယောက်ပဲ။ သူတို့မျက်နှာကိုလည်း မျက်နှာဖုံးစွပ်ထားတယ်။ ပြီးရင် ဒေါ်ညိုအိမ်ပေါ်တက်သွားပြီး နင်တို့ကို လာသတ်တာလို့ အဲလိုပြောတယ်။ အဲ့အချိန်မှာ အိမ်ပိုင်ရှင်က ပိုက်ဆံ သိန်း ၇၀ ပေးလိုက်လို့ သူတို့တွေပြန်သွားတယ်’’ဟု မင်းရပ်ကျေးရွာရှိဒေသခံတစ်ဦးက ပြောသည်။
ထပ်မံ၍ ဓားပြတိုက်သူ လူနှစ်ဦးက နောက်ထပ်တစ်ခေါက် ပြန်လာမည်ဖြစ်ကြောင်းနှင့် နောက်ထပ်တစ်ခေါက်လာလျှင် ဒေါ်ညိုတို့မိသားစုအား သတ်ပစ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်သွားကြောင်းလည်း စုံစမ်းသိရှိရသည်။
“အမှန်တော့ သူတို့လာတာ ဒေါ်ညိုတို့မိသားစုကိုသတ်ဖို့ပါ။ ပိုက်ဆံမြင်မှ ပိုက်ဆံယူပြီးပြန်သွားတယ်။ ဒါတောင်သူတို့က ပြောသွားတယ်။ နောက်တစ်ခေါက်ထပ်လာမယ်။ အဲ့အခါကျရင် နင်တို့ကို လာသတ်မယ်ပြောသွားတယ်။ အဲလိုလုပ်တာဟာ အကြောင်းသိတွေထဲကဘဲလို့ ကျွန်မထင်တယ်”ဟု ဒေါ်ညိုမိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ယင်းဖြစ်ရပ်မဖြစ်ပွားခင်ရက်ပိုင်း ညပိုင်းတွင်လည်း ဒေါ်ညို၏နေအိမ်အား အမည်မသိလူတစ်စုက သေနတ်ဖြင့်နေအိမ်အား ပစ်ခတ်သွားကြောင်းလည်း သိရှိရသည်။
လက်ရှိတွင် ဒေါ်ညိုတို့ မိသားစုသည် အိမ်တွင် မနေရဲဘဲ ထွက်ပြေးတိမ်းရှောင်နေကြောင်းနှင့် ၎င်းတို့မိသားစုသည် နိုင်ငံရေးနှင့် ပတ်သက်ဆက်နွှယ်သည့် မိသားစုမဟုတ်ကြောင်း ဒေသခံပြည်သူများထံမှ စုံစမ်းသိရှိရသည်။