By MPA
၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ တောင်သူလယ်သမားရေးရာဌာန မှ မနုနုအောင် နှင့်အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာနမှ မခက်ခက် တို့ကို ၂၀၂၂ခုနှစ် ဧပြီလ ၂၆ရက်နေ့တွင် ကရင်ပြည်နယ် ဘားအံမြို့ တွင် အကြမ်းဖက်စစ်ကောင်စီ မှ ဖမ်းဆီးခဲ့သည်။
မနုနုအောင် နှင့် မခက်ခက် ၏ ကျန်းမာရေးအခြေအနေကောင်းမွန်ခြင်း မရှိသောကြောင့် ဆေးကုသမှုခံယူရန် ဘားအံမြို့သို့ ရောက်ရှိနေစဥ် အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း အဖမ်းမခံရခင် အတူရှိခဲ့သူတစ်ဦးကဆိုသည်။
“ ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီးပြောရရင် အဖမ်းခံရတဲ့သုံးယောက်မှာတစ်ယောက်ကအာရုံကြောထိထားတယ်။ ကြာကြာမထိုင်နိုင်လို့ဆေးကုသွားတယ် နေမကောင်းတဲ့လူနာတစ်ယောက်ကိုဖမ်းသွားတာဟာ အတော်ကြီးကိုလူမဆန်လွန်းရာကြပါတယ်။” ဟု မနုနုအောင်တို့နှင့် နီးစပ်သူတစ်ဦးကဆိုသည်။
မိခင်၏ ကျန်းမာရေးအတွက် ဆေးကုသရန် အတူ လိုက်ပါလာသော မခက်ခက်၏ သားဖြစ်သူ ကိုမြတ်သူမှာလည်း ထိုနေ့တွင် မနုနုအောင်၊မခက်ခက်တိူ့နှင့်အတူ ဖမ်းဆီးခံခဲ့ရသည်။
ဖမ်းဆီးခံရပြီးချိန်မှစ၍ မိသားစု၊ အဖွဲ့အစည်း တို့နှင့် အဆက်အသွယ် ရရှိခြင်းမရှိသေးပဲ မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကိုလည်း မသိရှိရပါ။
မနုနုအောင် နှင့် မခက်ခက် တို့၏ ကျန်းမာရေးမှာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေပြီး ၎င်းတို့ ၃ဦးစလုံးနှင့် အဆက်အသွယ် ပြတ်တောက်နေသည့်အတွက် သုံးဦးစလုံး၏ လုံခြုံရေးနှင့် အသက်အန္တရာယ်ကို စိုးရိမ်နေရကြောင်း နီးစပ်သူတစ်ဦးကဆိုသည်။