သဘာဝဘေးအန္တရာယ်များတွက် ရဟတ်ယာဉ် ငှားရမ်းအသုံးပြုခွင့် ပေးခဲ့ခြင်းကြောင့်ဟု ဆိုကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့ကို ယနေ့တွင် အဂတိလိုက်စားမှု ဥပဒေပုဒ်မ ၅၅ဖြင့် နေပြည်တော်ဘုရားကုန်းရဲစခန်းတွင် အမှုထပ်မံဖွင့်ထားကြောင်းသိရသည်။
တိုင်ကြားသူရှိသည့်အတွက် အဂတိလိုက်စားမှုကော်မရှင် စုံစမ်းစစ်ဆေးရေးအဖွဲ့က စုံစမ်းမှုများပြုလုပ်ပြီး ယခုကဲ့သို့ အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်ကြောင်း အကြမ်းဖက်စစ်တပ်ကသတင်းထုတ်ပြန်ထားသည်။
နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးအတွက် ရဟတ် ယာဉ် တစ်စီးငှားရမ်းရာတွင် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန ၏ အကြံပြုချက်များကို လက်မခံခြင်း ၊ သမ္မတရုံး ညွှန်ကြားချက်များကို လိုက်နာမှုမရှိခြင်းအပြင် စာချုပ်ပါ အချိန်များအတိုင်း မပျံသန်းခဲ့ခြင်းတို့ ပါဝင်ပြီး ရဟတ်ယာဉ်တစ်စီး ဝယ်ယူရာတွင်လည်း လုပ်ပိုင်ခွင့်အာဏာ အသုံးပြုခဲ့ကြောင်း စွပ်စွဲပြီး အမှုဖွင့်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေများနှင့် နီးစပ်သူတစ်ဦးက “ ကျနော်တို့မသိရသေးပါဘူး။ အခုက အမှုဖွင့်တဲ့ အနေအထားပဲ ရှိနေပါသေးတယ်။ ဘာမှပြောပြလို့မရသေးပါဘူး” ဟု ပြောသည်။
အဆိုပါ အမှုမှာ ဩဂုတ်လအတွင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကို အကြမ်းဖက်စစ်တပ်က စွဲဆိုထားသည့်အမှုနှင့် တစ်ဆက်တစပ်တည်းလည်း ဖြစ်ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ရဟတ်ယာဉ်ဝယ်ယူသည့် ကိစ္စနှင့်ပတ်သက်ပြီး ဒေါက်တာ ဝင်းမြတ်အေး ကို တရားစွဲဆိုထားခြင်းဖြစ်သည်။
ယင်းသို့ တရားစွဲဆိုရာတွင် သဘာဝဘေးသင့် ပြည်သူတွေအတွက်ပဲ သုံးခွင့်ရှိသည့် ငွေနှင့် ဝယ်ယူခြင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြခြင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၏ သဘောထား မတောင်းခံခြင်းနှင့် နိုင်ငံတော် သမ္မတရုံး ညွှန်ကြားချက်တွေနဲ့အညီ လုပ်ဆောင်တာခြင်း မရှိကြောင်း စသည့် စွတ်စွဲချက်များ ပါဝင်သည်။
ရဟတ်ယာဉ် နောက်ကျရောက်ရှိခဲ့သည့်အတွက် နိုင်ငံတော်ငွေကြေး ကျပ်သန်း ၂၃၀၄၈ သန်း ထိခိုက်နစ်နာ ခဲ့ကြောင်းနှင့် ရဟတ်ယာဉ် ငှားရမ်းစဉ် ပျံသန်းအသုံးပြုခဲ့ရာမှာ ကြာချိန်တန်ဖိုးထက် ပိုမို ပေးချေခဲ့ခြင်းကြောင့် အမေရိကန် ဒေါ်လာ ၃ ဒဿမ ၅ သန်းကျော် ထိခိုက်နစ်နာခဲ့ကြောင်း အကြမ်းဖက်စစ်တပ်က ဒေါက်တာဝင်းမြတ်အေးက စွတ်စွဲခဲ့သည်။
ယခုတရားစွဲဆိုလိုက်သည့် အမှုအပါအဝင် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားသည့် အမှုပေါင်းမှာ ၁၁မှုရှိပြီဖြစ်သည်။
ဆက်သွယ်ရေးဥပဒေ ၁ မှု၊ ပို့ကုန်သွင်းကုန်ဥပဒေ ၁ မှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် ၂ မှု၊ ပုဒ်မ ၅၀၅ (ခ) ၁ မှု၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့်၅ မှုဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် စွဲဆိုခံထားရသည့် အမှုနှင့် ပုဒ်မ ၅၀၅(ခ) တို့အတွက် ယနေ့ ( နိုဝင်ဘာ ၃၀ ရက်)တွင် အပြီးသတ် အမိန့်ချမှတ်ရန်ရှိသော်လည်း အမိန့်မချဖြစ်ဘဲ ဒီဇင်ဘာ ၆ ရက်နေ့သို့ ပြန်လည်ချိန်းဆိုခဲ့သည်။