အာရှရေးရာဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် ဆွန်းကော်ရှန်း မြန်မာနိုင်ငံကို ယနေ့ နံနက်ပိုင်းက ရောက်ရှိလာခဲ့ကြောင်း နေပြည်တော် သံတမန် အသိုင်းအဝိုင်းကအတည်ပြုပြောဆိုခဲ့သည်။
ဆွန်းကော်ရှန်း၏ ယခုခရီးစဥ်သည် အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ်ဖြစ်ပြီး ဩဂုတ်လ ၂၁ ရက် ကနေ ၂၈ ရက်အနေ့အထိ လာရောက်ခဲ့ရာ အကြမ်းဖက်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့်တွေ့ဆုံခဲ့သည်။
ယင်းတို့တွေ့ဆုံစဥ် မြန်မာ့နိုင်ငံရေးအခင်းအကျင်းအပေါ် သဘောထားအမြင်ဖလှယ်ခဲ့ကြောင်း၊ မြန်မာ့လူမှုတည်ငြိမ်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အားထုတ်ကြိုးပမ်းမှုကို နိုင်ငံတကာအသိုင်းအဝန်းနှင့်အတူ အပြုသဘောဆောင် အားထုတ်ကူညီသွားမှာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက သတင်းထုတ်ပြန်ထားသည်။
တရုတ်အစိုးရသည် အာဏာသိမ်းထားသည့် အကြမ်းဖက်စစ်တပ်ခေါင်းဆောင်များနှင့် ပြောင်ကျကျ ဆက်ဆံရေး ရှိနေသကဲ့သို့ ရွေးကောက်ပွဲ အောင်နိုင်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ NLD နှင့်လည်း ဆက်ဆံရေး မပြတ်တည်ဆောက်လိုသည့် သဘောရှိနေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ဆိုသည်။
“တရုတ်က အရင်အချိန်တွေတုန်းကတွေလို စစ်အုပ်စုကို ပြတ်ပြတ်သားသားထောက်ခံနေတယ်လို့ ပြောဖို့ ခက်ပါတယ်။ မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက် ပေါ်လစီနဲ့ နှစ်ဖက်စလုံးနဲ့ ဆက်ဆံရေး မပြတ်အောင် တည်ဆောက်နေတယ်လို့ ထင်တယ်။ သေချာတာကတော့ တရုတ်က စစ်အုပ်စုကို မျက်စိမှိတ်ယုံလိုက်မယ့် အခြေအနေ မရှိပါဘူး”ဟု ၎င်းက ဆိုသည်။
တရုတ်အထူးကိုယ်စားလှယ်၏ ဩဂုတ်လ ခရီးစဉ်အပြီးတွင် တရုတ်ကွန်မြူနစ်ပါတီက ကြီးမှူးကျင်းပသည့် တရုတ် ကွန်မြူနစ်ပါတီနှင့် အာရှနိုင်ငံများမှ နိုင်ငံရေးပါတီများ အွန်လိုင်းတွေ့ဆုံ ဆွေးနွေးပွဲကို စက်တင်ဘာ ၉ ရက်နေ့ကပြုလုပ်ခဲ့ရာ NLD ပါတီအပါအဝင် မြန်မာနိုင်ငံမှ ပြည်ခိုင်ဖြိုးပါတီ၊ ရခိုင်အမျိုးသားပါတီ(ANP)နှင့် လီဆူအမျိုး သားဖွံ့ဖြိုးရေးပါတီတို့ကို ဖိတ်ကြားခဲ့သေးသည်။
ထို့ပြင် တရုတ်ကွန်မြူနစ်ပါတီ၏ ရာပြည့်အထိန်းအမှတ်အတွက် NLD ၏ ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို လည်း တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံတကာ ရေးရာဌာနမှ ကျေးဇူးတင်ကြောင်း စာတစ်စောင် ပြန်လည်ရေးပို့ခဲ့သေးသည်။
တရုတ်အထူးကိုယ်စားလှယ် ဆွန်ကော်ရှန်း မြန်မာနိုင်ငံသို့ ပထမအကြိမ် လာရောက်ခဲ့စဉ်တွင် အကြမ်းဖက် စစ်တပ်က သတင်းမထုတ်ပြန်ဘဲ လျှို့ဝှက်ထားခဲ့သော်လည်း တရုတ်နိုင်ငံဘက်က တရားဝင် သတင်း ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း တရုတ်နိုင်ငံသည် စစ်အာဏာသိမ်းမှုအပေါ် အနောက်နိုင်ငံအစိုးရများကဲ့သို့ ပြောင်ကျကျ ဆန့်ကျင်ခြင်း မပြုဘဲ အိမ်နီးချင်း မြန်မာ့ပြည်တွင်းရေး ဝင်မစွက်ဘဲ တည်ငြိမ်မှုရှိဖို့ အဓိကထားကြောင်း ထုတ်ဖော်ပြောထားသည်။
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် အရေးပါနေသည့် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ရန်ကုန်ဆိပ်ကမ်းမှ တရုတ်ပြည် ယူနန်အထိ အိန္ဒိယသမုဒ္ဒရာလမ်းကြောင်းဖြင့် ဇီချွမ်ပြည်နယ် အနောက်တောင်ပိုင်းက ချင်ဒူးအထိ ရထားလမ်းဆက်သွယ်ရေးလမ်းကြောင်းများ ပွင့်ပြီဖြစ်ကြောင်း၊ အိန္ဒိယ သမုဒ္ဒရာ လမ်းကြောင်းသစ်သည် တရုတ်- မြန်မာ ကုန်သွယ်ဆက်ဆံရေးများကို အားကောင်းမောင်းသန် ဖြစ်လာစေနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာချက်ထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ Sun Guoxiang နဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၁၇ မတ်လ ၁ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ် (Photo: Myanmar Military)