ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့မှစ၍ ၄လအကြာ ပိတ်ထားခဲ့သည့် အခြေခံပညာကျောင်းများ နို ဝင်ဘာလ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် အကြမ်းဖက်စစ်ကောင်စီကစီစဉ်နေကြောင်း ပညာရေးအသိုင်းအဝိုင်း ထံက သိရသည်။
နိုင်ငံတစ်ဝှမ်းမှ အခြေခံပညာအလယ်တန်းနှင့်အထက်တန်းကျောင်းများကို စတင်ဖွင့်လှစ်မည်ဖြစ်ပြီး မူလတန်းကျောင်းများ မပါဝင်သေးကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာန ညွှန်ကြားချက်အရ သိရသည်။
” နိုဝင်ဘာ ၁ ရက်နေ့ကို အထက်တန်းနဲ့ အလယ်တန်းတွေပြန်ဖွင့်ဖို့ ညွှန်ကြားထားတယ်။ ခုရက် ပိုင်း ၁၂နှစ်နဲ့အထက်တွေ ကာကွယ်ဆေးထိုးပေးနေတယ်။ ဘယ်လထိဖွင့်ပြီး ဘယ်လိုတွေသင်ရမလဲဆိုတာတော့ အသေးစိတ်မသိသေးဘူး” ဟု အထက်တန်းပြ ပညာရေးဝန်ထမ်းတဦးက MPA သို့ပြောသည်။
စစ်ကောင်စီအနေဖြင့် ကျောင်းများပြန်ဖွင့်ရန် ပြင်ဆင်နေပြီး ၄င်းတို့လက်အောက်ရှိ သင်ကြား ရေးဆရာ/ဆရာမများကို ပြီးခဲ့သည့် စက်တင်ဘာလအတွင်း တဦးလျှင် ထောက်ပံ့ကြေး ၃ သောင်းကျပ် ပေးအပ်ခဲ့ကြောင်း သိရသည်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီမှ ဇွန်လ ၁ ရက်နေ့တွင် နိုင်ငံတဝှမ်း စာသင်ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ရခိုင်ပြည်နယ်မှ အပ ကျန်တိုင်းနှင့်ပြည်နယ်များတွင် ကျောင်းတက်ရောက်သူ ၂၀ ရာခိုင်နှုန်းခန့်သာရှိကြောင်း သိရသည်။
စစ်ကောင်စီမှ ကိုဗစ်တတိယလှိုင်းစတင်ခဲ့သည့် ဇွန်လဆန်းပိုင်းတွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကိုဗစ်တတိယလှိုင်း ပြင်းထန်ခဲ့သည့် ဇူလိုင်လအတွင်းမှ စတင်ပိတ်ပေးခဲ့ရာ အောက်တိုဘာလ ၂၄ရက်နေ့ထိ ၈ကြိမ်ခွဲ၍ ပိတ်ပေးထားပြီး စာသင်ကျောင်းများနှင့်ပတ်သက်၍ ထပ်မံထုတ်ပြန်ထားခြင်းမရှိသေးကြောင်း သိရသည်။