နိုင်ငံတော်သမ္မတဦးဝင်းမြင့်အပေါ်တွင်စွဲဆိုထားသော သဘာဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ဖြင့်တရားစွဲဆိုထားမှုကိုလာမည့် အောက်တိုဘာလ ၄ ရက်နေ့တွင် စွဲချက်တင်မတင် အမိန့်ချသွားမည်ဖြစ်ကြောင်းရှေ့နေအဖွဲ့ထံမှသိသည်။
“လာမည့်ရုံးချိန်းဖြစ်တဲ့၄ရက်နေ့ရုံးချိန်းမှာသမ္မတဦးဝင်းမြင့်ကိုပုဒ်မ၂၅နှင့်ပတ်သက်ပြီးစွဲချက်တင်မတင်အမိန့်ချသွံားမှာဖြစ်ပါတယ်” ဟု ရှေ့နေအဖွဲ့မှ တရားလွှတ်တော်ရှေ့နေဒေါ်မင်းမင်းစိုးကပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင်ဒုဥက္ကဌ(၁)ဖြစ်သည့် ဦးဝင်းမြင့်တို့ကို၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ကိုဗစ်ကာလစည်းကမ်းများကို ဖောက်ဖျက်၍ မဲဆွယ်ယာဉ်တန်းကို ကြိုဆိုခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် အဆိုပါ သဘာဝဘေးအန္တရာယ်စီမံမှုဥပဒေပုဒ်မအရအမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။နိုင်ငံခေါင်းဆောင်နှစ်ဦးစလုံးကို ရဲမှူးမြင့်နိုင်မှတရားလိုပြုလုပ်ကာ အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ အကြောင်းအရာကော၊ နေရာကော အတူတူပါပဲ။ ဒါပေမဲ့သမ္မတကိုသီးသန့်စွဲတဲ့အမှုအတွက်စွဲချက်တင်မတင်အမိန့်ချမှာဖြစ်သလိုအမေ့ကိုစွဲတဲ့အမှုအတွက်ကတော့အမိန့်မချသေးဘူး။ ကျွန်မတို့ကစွဲချက်တင်သင့်မတင်သင့်ကိုလျှောက်လွှဲချက်နှစ်ဖက်ကြားနာရပါဦးမှာပါ” ဟုရှေ့နေကဆိုသည်။
အကြမ်းဖက်စစ်တပ်သည်အာဏာသိမ်းသည့်ဖေဖော်ဝါရီလ၁ရက်နေ့မှစတင်ပြီးယနေ့အချိန်ထိနိုင်ငံခေါင်းဆောင်များကိုဖမ်းဆီးထားလျက်ရှိနေပြီး ပုဒ်မအမျိုးမျိုးဖြင့်အမှုဖွင့်တရားစွဲဆိုလျက်ရှိနေသည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာပုဒ်မ၂၅ဖြင့်နိုင်ငံတော်သမ္မတကိုတစ်မှုတရားစွဲဆိုထားပြီးနိုင်ငံတော်အတိုင်ပင်ခံကိုလည်းသဘာဝဘေးအန္တရာယ်ဆိုင်ရာပုဒ်မ၂၅ဖြင့်ပင် နှစ်မှုစွဲဆိုထားသည်ကိုတွေ့ရသည်။
#နိုင်ငံတော်သမ္မတ #တရားစွဲချက်တင် #သဘာ၀ဘေးအန္တရယ်ဥပဒေ #MPA