တော်လှန်ရေးတပ်ဖွဲ့များ ဖြတ်သန်းမည်ဆိုသည့် သတင်းကြောင့် ရန်ကုန်မှ လှိုင်သာယာဘက်သို့ ထွက်သည့် တံတားများကို စစ်တပ်က ဖြတ်သန်းခွင့် ပိတ်ပင်ခဲ့ကြောင်း MPA က စုံစမ်းသိရှိရသည်။
ယနေ့(ဧပြီ ၁၉ရက်)၊ ညနေ ၄နာရီ ဝန်းကျင်ကစ၍ ရန်ကုန်မြို့မှ လှိုင်သာယာဘက်ထွက်သည့် ဘုရင့်နောင်တံတားနှစ်ဆင်းနှင့် အောင်ဇေယျ တံတားတို့အား စစ်တပ်က သံဆူးကြိုးများဖြင့် ပိတ်ချထားခြင်းဖြစ်သည်။
” လှိုင်သာယာဘက်ကို ဘုရင့်နောင်တံတားကနေသွားတော့ ပိတ်ထားတယ်။ အောင်ဇေယျဘက်က ပတ်တော့လည်း ပိတ်ထားတယ်” ဟု လှိုင်သာယာမြို့ဘက်သွားမည့် သူတစ်ဦးက ပြောသည်။
ထို့ပြင် ရွှေပြည်သာဘက်မှ လှိုင်သာယာဘက်ထွက်၍ရသည့် ရွှေပြည်သာတံတားအားလည်း ပိတ်ထားကြောင်း ရွှေပြည်သာမျို့ခံတစ်ဦးကပြောသည်။
” ကျတော်တို့ဘက်လည်း ပိတ်ထားတယ်” ဟု ရွှေပြည်သာမြို့ခံတစ်ဦးက ပြောသည်။
ယနေ့ ညနေပိုင်းက ရန်ကုန်လေဆိပ်အနီး ဗုံးပေါက်ခဲ့သည်ဟု သတင်းများထွက်ပေါ်နေပြီး အဆိုပါဖြစ်စဥ်နှင့်ဆက်စပ် သည်ဟု ဆိုသည့် တော်လှန်ရေးတပ်ဖွဲ့တစ်ခု ဖြတ်သန်းမည်ဟု သတင်းရသဖြင့် ယင်းသို့ ပိတ်ထားရခြင်းဖြစ်ကြောင်း စစ်တပ်နှင့် နီးစပ်သူတစ်ဦးကပြောသည်။
” တော်လှန်ရေးတပ်ကသူတွေ ဖြတ်မယ်ကြားလို့ပိတ်ထားတယ် ပြောပါတယ်” ဟု ၎င်းကဆိုသည်။
MPA အနေဖြင့် လေဆိပ်ဗုံးပေါက်သည် ဆိုသည့်ဖြစ်စဥ်အား သီးခြားအတည်ပြု၍မရသေးဘဲ တံတားများမှာမူ ည ၈နာရီထိ ဆက်ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။
ထိုသို့တံတားများ ပိတ်ထားသဖြင့် လှိုင်သာယာဘက်ပြန်မည့်ပြည်သူများ ဒုက္ခရောက်နေရကြောင်း သိရသည်။