ရှမ်းပြည်နယ်မြောက်ပိုင်း၊ ၁၂၀၇ စစ်ဆင်ရေးကြောင့် ပျက်စီးနေသည့်နေအိမ်များကို ပြန်လည်မပြုပြင်ရသေးကြောင့် သိန္နီမြို့ရှိ စစ်ဘေးရှောင် တစ်ထောင်ကျော်သည် စားနပ်ရိက္ခာမလုံလောက်မှုဖြစ်ပေါ်နေကြောင်း စစ်ဘေးရှောင်ပြည်သူ များထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ စစ်ဘေးရှောင် တစ်ထောင်ကျော်သည် ယမန်နှစ်(၂၀၂၃ခုနှစ်)၊ အောက်တိုဘာလမှ စတင်ကာ ယနေ့(ဧပြီ ၁၉ရက်)အထိ လားရှိုးမြို့ရှိ ကန်မိန်းကျောင်း၊ အေးရိပ်သာကျောင်း၊ မန်ဆူဘုရားကျောင်းနှင့် မန်ကောင်းဘုန်းကြီးကျောင်းတို့၌ ခိုလှုံနေရသည်မှာ ၆လနီးပါးကြာမြင့်နေပြီဖြစ်သည်။
“ နေတာကြာလာတော့ အလှူရှင်လည်း နည်းလာတယ်။ အလုပ်အကိုင်လည်းမရှိဘူး။ အစားအသောက်လည်း မလုံလောက်တော့ဘူး။ အိမ်ပြန်ဆိုလည်း ပြန်စရာ အိမ်မရှိသေးလို့ ပြန်လို့မရဘူးဖြစ်နေတယ်” ဟု သိန္နီမြို့ စစ်ဘေးရှောင် အမျိုးသားတစ်ဦးကပြောသည်။
လက်ရှိ သိန္နီမြို့ စစ်ဘေးရှောင်များအနေဖြင့် တစ်ရက်လျှင် ဆန် ၁၅အိတ်နီးပါးကုန်ပြီး ဟင်းဖိုးအတွက် တစ်ရပ် ၁၀ သိန်းနီးပါးကုန်ကျသောကြောင့် စားနပ်ရိက္ခာအခက်အခဲဖြစ်ပေါ်နေခြင်းလည်းဖြစ်သည်။
“ အခုက တိုက်ပွဲကဘာမှန်းသေချာမသိရဘူး။ ဘယ်အချိန် ဘယ်လိုဖြစ်မယ်ဆိုတာက ပြောလို့လဲမရ၊ မပြန်ရဲသေးဘူး။ ပြန်သွားလို့ လမ်းမှာ အခန့်မသင့်ရင် တစ်ခုခုဖြစ်မှာလည်း စိုးရိမ်ရတယ်” ဟု စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ပြောသည်။
ယမန်နှစ်(၂၀၂၃ခုနှစ်) အောက်တိုဘာ ၂၇ရက်တွင် သိန္နီမြို့အတွင်း စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တို့အကြား တိုက်ပွဲပြင်းထန်နေမှုကြောင့် ဘာသာရေးအဆောက်အဦးအပါအဝင် နေအိမ် ၆၀၀နီးပါး ပျက်စီးခဲ့သည်။
ထို့ပြင် သိန္နီမြို့အတွင်း စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်နှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် ပျက်စီးသွားခဲ့သည့် နေအိမ်များနှင့် ပြန်လည်ထူထောင်ရေးအတွက် မည်သည့်အဖွဲ့အစည်းများက ကူညီထောက်ပံ့ပေးခြင်းမရှိ သေးပေ။