ဧပြီ ၁၈ ရက်၊ နံနက် ၈ နာရီခန့်တွင် မြင်းခြံမြို့နယ်၊တူရွင်းဘိုရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲနေသည့် စစ်သားများကို ဒရုန်းဖြင့် ဗုံသီး ၆ လုံးကြဲချခဲ့ရာ ထမင်းချက်နေသည့် စစ်သားများရှိရာ အဆောက်အအုံပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း မြင်းခြံခရိုင်တပ်ရင်းအမှတ် – ၁ (27 Revolution Force Drone)ကသတင်းထုတ်ပြန်သည်။
“ကျနော်တို့ ဒရုန်းချပြီးတော့ ပြန်လည်ပစ်ခတ်တာမျိုးတွေရှိတယ်။သေသွားတဲ့ စစ်သားကို ဘယ်ကိုသယ်သွားလဲဆိုတာတော့ ကျနော်တို့လည်း သေချာမသိပါဘူး” ဟု မြင်းခြံခရိုင်တပ်ရင်းအမှတ်-၁(27 Revolution Focres Drone) မှ တပ်ရေးဗိုလ် ကပြောသည်။
ယင်းတိုက်ခိုက်မှုအပြီးတွင် စစ်သားများက သေနတ်များပစ်ဖောက်ကာ တူရွင်းဘိုရွာ နေအိမ်များအတွင်းရှိ ပစ္စည်းများအား လုယက်သွားကြောင်းသိရသည်။
“သူတို့က ဘုန်းကြီးကျောင်းမှာတပ်စွဲတာ။ဒီနေ့(ဧပြီ၁၉ရက်)မနက်တော့ မရှိတော့ဘူး။သစ်ရုံရွာဘက် ထွက်သွားပြီ။မနေ့က ဗုံးကြဲခံရတော့ သေနတ်တွေနဲ့လည်းပစ်တယ်။ရွာထဲက အိမ်တွေထဲက ပစ္စည်းတွေလုယူတယ်။အသက် ၇၀ လောက်ရှိတဲ့ အဘွားအို ၂ ဦးဆီက နားတောင်းကိုလည်း ချွတ်ယူသွားတယ်” ဟု မြင်းခြံမြို့နယ်(ပကဖ)မှ ရဲဘော်တစ်ဦးကပြောသည်။
အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း အမှတ် – ၁ (27 Revolution Forces Drone)၊ရွှေခြံသားပြောက်ကျားတပ်ဖွဲ့၊မန္တလေးခရိုင်တပ်ရင်း-၃၊ဒေါင်းမင်းတမံပြောက်ကျားတပ်ဖွဲ့၊မြင်းခြံမြို့နယ်(ပကဖ)နှင့်MG-6ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စစ်သားများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။