စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်သို့ စစ်အင်အားဖြည့်ထားသည့် စစ်ကောင်စီတပ်သားများ အထိုင်ချထားသော စခန်းများကို ဒေသခံတော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း Mandalay Drone Force – MDF အဖွဲ့မှ သိရသည်။
ပြီးခဲ့သည့် ဧပြီ ၁၆ရင်္က၊ နံနက် ၁၀နာရီ ၃၀မိနစ်ခန့်က စစ်သားများ အထိုင်ချထားသော မြောင်မြို့ဘဏ်ရုံးဟောင်း၊ ရဲစခန်းတို့ကို Shar Htoo WAW နည်းပညာ Fixed Wing Drone များအသုံးပြုပြီး စုစုပေါင်း ဗုံးသီး (၆)လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Mandalay Drone Force – MDF အဖွဲ့မှ ဝာာဝန်ရှိသူ ကျားခင်စိန်က MPA ကို ပြောသည်။
“ ဘဏ်ဟောင်းရုံးက ၂လုံး ၊ ရဲစခန်းကိုက ၄လုံး ချခဲ့တာ၊ ရဲစခန်းထဲက စစ်သား တစ်ဦးသေတာကို အတည်ပြုနိုင်တယ်။ နောက်ပြီးတော့ ၂ဦးက လက်ဖြတ်လိုက်ရတယ်။ ဒဏ်ရာပြင်းထန်တယ်ပေါ့နော်၊ အခြားဒဏ်ရာရတွေလဲရှိပေမဲ့ အတည်မပြုနိုင်သေးပါဘူး” ဟု ကျားခင်စိန် ကပြောသည်။
မြောင်မြို့ပေါ်တွင် စစ်ကောင်စီတပ်သားအင်အား နည်းပါးလျက်ရှိပြီး ယခုတိုက်ခိုက်ခံရသော စစ်ကောင်စီတပ်သားများမှာ ပြီးခဲ့သည် မတ်လက ရေကြောင်းမှ စစ်ကူလာရောက်ခဲ့သည့်စစ်သားများဖြစ်ကြောင်း ၊ တစ်မြို့လုံးတွင် စစ်ကောင်စီတပ်သား ၇၀ခန့်သာ ရှိကြောင်း ၎င်းကရှင်းပြသည်။
“ လက်နက်အင်အား ၊ လူအင်အားလာဖြည့်တာပါ၊ တိုက်ခိုက်ခဲ့တာကလည်း လာဖြည့်တဲ့ စစ်ကောင်စီတပ်သားတွေ အနေများတဲ့နေရာတွေပါ၊ အခုနောက်ပိုင်း သေဆုံး၊ ဒဏ်ရာရတွေကို အမြဲတမ်းဖုံးထားတာ၊ အခုတောင် သေတဲ့တစ်ယောက်က ဆေးရုံထိမရောက်လိုက်ဘဲ ဆုံးသွားလို့သာ သိရတာ၊ သူတို့က အပြင်လူအသိမခံဘဲ ရဲစခန်းထဲတင် တန်းမြှုပ်ပစ်တာ ” ဟု ကျားခင်စိန်ကပြောသည်။
ယင်းတိုက်ခိုက်မှုအပြီးတွင် မြောင်မြို့အတွင်း စစ်ကောင်စီတပ်သားများက ပစ်ခတ်မှုများရှိခဲ့ကြောင်း အမည်မဖော်လိုသည့် မြောင်မြို့ခံပြည်သူတစ်ဦးကပြောသည်။
“ အတက်နေ့ မနက်ပိုင်းက အုန်းအုန်းနဲ့ အသံတွေကြားရပြီးတော့ သေနတ်သံတွေကြားရတယ်။ ခနနဲ့ ငြိမ်သွားတာ၊ညပိုင်းကျတော့ ရဲစခန်းထဲကနေ စစ်သားတွေထွက်လာပြီး သေနတ်တွေ မိုးပေါ်ထောင်ပစ်နေတာ” ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၁၃ရက်နေ့ကလည်း Mandalay Drone Force – MDF အဖွဲ့သည် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီး၊ မြောင်လမ်းခွဲရှိ စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့၏နေအိမ်လည်း မီးလောင်ပျက်စီးခဲ့သေးသည်။