ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ အရုပ်ဆိုင်ရွာတွင် ယမန်နေ့(ဧပြီ ၁၁ရက်)တွင် ၆နှစ်အရွယ် ကလေးငယ်၂ဦးအပါအဝင် ပြည်သူခြောက်ဦးကို စစ်တပ်က ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“ မနေ့က မနက်မှာ ဖမ်းတုန်းက ၂၁ဦးကို ဖမ်းပြီးစစ်ဆေးတာ၊ အဲ့ဒီအထဲကမှ ၆ဦးက PDFနဲ့အဆက်အသွယ်ရှိတယ်ဆိုပြီး ဖမ်းသွားတာ၊ အဖမ်းခံရတဲ့အထဲ ကလေးငယ်နှစ်ဦးပါပါတယ်။ ပြီးတော့ အိမ်နှစ်လုံးကိုလည်း မီးရှို့သွားတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သူများသည် အောင်ဇော်၀င်း(ခေါ်)အကေး (အသက် ၃၀ နှစ်)၊ ခိုင်သင်းကြည် (ခေါ်) မီးမီး (အသက် ၂၆ နှစ်)၊ ၎င်းတို့၏ သမီး ချစ်မြတ်သဒ္ဒါဖြိုး ၆နှစ်နှင့် ကိုဇင်ကို (အသက် ၂၉ နှစ်)၊ ဖြူသေး (အသက် ၂၄ နှစ်)၊ ၎င်းတို့၏သား ပိုင်ဇင်ဖြိုး (အသက် ၆ နှစ်)တို့ဖြစ်ကြောင်း သိရသည်။
အရုပ်ဆိုင်ရွာမှ ပြည်သူ ၆ဦးကို ဖမ်းဆီးခဲ့သည့် စစ်ကောင်စီ စစ်ကြောင်းသည် ဧပြီ ၉ရက် မနက် ၁၀နာရီခန့်တွင် သိမ်ကုန်းတာဝါတိုင်မှ အရုပ်ဆိုင်ရွာသို့ ရောက်ရှိနေသည့် အင်အား ၄၈ ဦးပါ စစ်ကြောင်းဖြစ်ကာ ဧပြီ ၁၁ရက် ညပိုင်းတွင် ပြည်သူများကို ဖမ်းဆီးပြီး နှစ်ဖွဲ့ခွဲ၍ ပြန်လည်ထွက်ခွာခဲ့ကြောင်း PPDF 3601 တပ်ရင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ခံကပြောသည်။
“ မနေ့(ဧပြီ ၁၁ ရက်နေ့)ညက ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ရွာ စစ်တပ်အထိုင်စခန်းကနေ လက်နက်ကြီးပစ်ကူပေးပြီး နှစ်ဖွဲ့ခွဲထွက်သွားတာ၊ တစ်ဖွဲ့က သိမ်ကုန်းအထိုင်စခန်းကိုပြန်သွားတယ်။ တစ်ဖွဲ့က လက်ရှိ ကိုင်းကွင်းရွာဘက်ကိုစစ်ကြောင်းဆက်ထိုးနေတယ်” ဟု ၎င်းကပြောသည်။
လက်ရှိ စစ်ကောင်စီဖမ်းဆီးသွားသည့် အရုပ်ဆိုင်ကျေးရွာမှ ပြည်သူများကို စစ်ကောင်စီက သိမ်းကုန်းတာဝါတိုင်စခန်းတွင် ရိုက်နှက်စစ်ဆေးမှုများပြုလုပ်နေကြောင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ရက်ကလည်း တောင်ခမောက်ရွာအနီးနေထိုင်သည့် ပြည်သူတစ်ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး တဲအားမီးရှို့ဖျက်ဆီးခဲ့သေးသည်။