ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ တောင်ဘက်အခြမ်းရှိ ရွာသစ်ကျေးရွာတွင် စစ်ကောင်စီတပ်ကပစ်ခတ်သော လက်နက်ကြီး ထိမှန်ခဲ့သဖြင့် ဒေသခံ ပြည်သူ ၁ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း နယ်မြေခံသတင်းရစ်မြစ်များထံမှ သိရသည်။
စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ – ၉၇တပ်က ဧပြီ ၁၂ ရက်၊ နံနက် ၉ နာရီခွဲအချိန်က ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်သောကြောင့် ရွာသစ်ကျေးတွင်နေထိုင်သည့် အသက် ၄၀ အရွယ်အမျိုးသမီး ၁ ဦးသေဆုံးကာ အသက် ၂၈ နှစ်အရွယ်အမျိုးသမီး ၁ ဦး၊ အသက် ၂၀ အရွယ်အမျိုးသား ၁ ဦးနှင့် အသက် ၁၉ နှစ်အရွယ် အမျိုးသား ၁ ဦးတို့ ဒဏ်ရာများရရှိသွားခဲ့ခြင်းဖြစ်သည်။
“ သူတို့ အိမ်ဘေးကို လက်နက်ကြီးကျပြီး မိခင်ဖြစ်သူသေဆုံးသွားတယ်။ နောက်ပြီး အဲ့ဒီအမျိုးသမီးရဲ့သားနဲ့ သမီးရော၊ သူတို့အမျိုးတစ်ဝမ်းကွဲ ကောင်လေးတစ်ယောက်ရော ဒဏ်ရာရသွားတယ်။ ဒဏ်ရာရတဲ့ သုံးယောက်လုံး ဆေးရုံပို့ထားပါတယ်” ဟု နယ်မြေခံသတင်းအရင်းအမြစ်တစ်ဦးက ရှင်းပြသည်။
လက်ရှိတွင် မြဝတီမြို့ကို စစ်ကူတက်လာသော တင့်ကားများပါဝင်သည့် စစ်ကောင်စီ၏ တပ်မ ၅၅ (ကလော) စစ်ကြောင်းသည် ကော့ကရိတ်မြို့ကိုရောက်ရှိနေပြီး ကော့ကရိတ်မြို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။
“ မငြိမ်ဘူး ကော့ကရိတ်မှာ မနေ့ညနဲ့ ဒီမနက်အထိ တောက်လျှောက်ပဲ။ စကစအင်အားဖြည့်အဖွဲ့တွေ ကော့ကရိတ်မြို့ထဲရောက်နေပြီး ပွဲဖြစ်နေကြတယ်” ဟု ကော့ကရိတ်မြို့ရှိ တော်လှန်ရေးရဲဘော်တစ်ဦးကဆိုသည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ဒီဇင်ဘာ ၁ ရက်မှစတင်၍ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းကြောင့် ကော့ကရိတ်တစ်မြို့လုံးနီးပါး ဘေးလွတ်ရာသို့တိမ်းရှောင်နေကြရပြီး ကော့ကရိတ်ဒေသခံ ပြည်သူ ၃ သောင်းကျော်မှာ ယနေ့အချိန်ထိ စစ်ဘေးရှောင်ရသည်။