ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်ကို စစ်ကူလာရောက်သည့်စစ်ကောင်စီစစ်ကြောင်းကို ကရင်နီတော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော်သေဆုံးခဲ့ပြီး စစ်ကြောင်းမှူးအပါအဝင် အရာရှိများပါဖမ်းမိခဲ့ကြောင်း ကရင်နီပြည်တပ်မတော် KA ၏ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က အတည်ပြုပြောဆိုသည်။
စစ်ကောင်စီတပ်၏ တပ်မ ၆၆ လက်အောက်ခံ ခလရ ၁ ၊ စကခ ၂ လက်အောက်ခံ ခမရ ၅၁၅ ၊၅၁၆ အပြင် လွိုင်ကော် ဒကစ လက်အောက်ခံတပ်ရင်းပါဝင်သည့် အင်အား ၁၀၀ ကျော်ပါစစ်ကူစစ်ကြောင်းကို ကရင်နီတော်လှန်ရေးတပ်များက ဧပြီ ၁၁ ရက်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သား ၅၀ ကျော်သေဆုံးပြီး စစ်ကြောင်းမှူးအပါအဝင် အရာရှိ ၅၆ ဦးဖမ်းမိကာ လက်နက်ခဲယမ်းများပါသိမ်းဆည်းနိုင်ခဲ့ကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။
“ ဗျူဟာမှူးတော့မပါဘူး။ စစ်ကြောင်းမှူးတော့ပါတယ်၊ ဖမ်းမိတာက ၅၆ ယောက်ပေါ့၊ သေဆုံးတာက ၅၀ ကျော်တယ် သူတို့ပေးတဲ့သတင်းအရ ၅၂၊ ၅၃ ယောက်လောက်တော့ရှိတယ်ပေါ့၊ အဲ့ဒီမှာမိတဲ့အထဲ ဒုရင်းမှူးပါမယ်၊ စစ်ကြောင်းမှူးလည်းပါတော့ တပ်ရင်းမှူးလောက်ဖြစ်မယ်ပေါ့ ဗိုလ်ကြီးတွေလဲပါတယ်။ အခုဖြစ်တဲ့ကိစ္စက စစ်ကူကိုဖြတ်တိုက်တာပေါ့ သူတို့အနေနဲ့ဖာဆောင်းမကျအောင်စစ်ကူလာတဲ့သဘောဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးဘုန်းနိုင်ကဆိုသည်။
ဖားဆောင်းမြို့နယ်အတွင်း စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေးတပ်များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်းစစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့်အရပ်သားထိခိုက်မှုများလည်းရှိနေပြီး ဒေသခံအများအပြားမှာ အိုးအိမ်စွန့်ခွာတိမ်းရှောင်နေရသည်။
“ စစ်ဘေးရှောင်တွေနေရာ ရွှေ့ထားပါတယ်ဗျ၊ တိုက်ပွဲကတော့ နည်းနည်းကျန်တယ်၊ မနေ့ကလာတဲ့စစ်ကူတွေကုန်ပြီ၊ စစ်ရှောင်ကတော့များတယ်၊ အတိအကျတော့မသိရဘူး နေရာတွေကွဲကုန်တော့” ဟု ဒေသတွင်းစစ်ဘေးရှောင်အရေးကူညီသူတစ်ဦးက MPA ကိုပြောသည်။
လက်ရှိဖားဆောင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ စေတီကုန်း(ပါပု)စခန်းအပါအဝင် စစ်စခန်း ၉ ခုကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားကြောင်း အမျိုးသားများကာကွယ်ရေးတပ် (KNDF) ကမတ်လ ၂၃ ရက်တွင်သတင်းထုတ်ပြန်ထားသည်။