စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မြို့လှရပ်ကွက်၊ နယ်မြေ (၉)ရှိ နေအိမ်တစ်လုံး ဧပြီ ၁၁ ရက်၊ ညပိုင်းတွင်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အိမ်ရှင်သားအမိနှစ်ဦး မီးထဲပါသေဆုံးသွားခဲ့ကြောင်း ဒေသခံများက ဆိုသည်။
မီးလောင်မှုဖြစ်ပွားသည့်နေအိမ်မှာ ၂ ထပ်ပျဥ်ကာအိမ်ဖြစ်ခြင်းကြောင့် မီးကူးဆက်မှုအလွန်မြန်ဆန်ပြီး အသက်(၄၀)အရွယ်မိခင်နှင့် အသက်(၁၀)နှစ်ဝန်းကျင်ကလေးတို့ သေဆုံးသွားရခြင်းဖြစ်ကြောင်း ကလေးမြို့ဒေသခံအမျိုးသမီးတစ်ဦးက MPA ကိုပြောသည်။
“ ဝါယာရှော့ခ်ကြောင့် လောင်တာလို့ပြောတယ်။ မီးကအရမ်းအကူးမြန်ပြီး ယောက်ျားက ပြတင်းပေါက်ကနေခုန်ချပြီး သားအမိ ၂ ယောက်ကို ခုန်ချဖို့ပြောတာမခုန်ရဲလို့ မီးထဲပါသွားတာလို့ပြောတယ်” ဟု ၎င်းကရှင်းပြသည်။
မီးလောင်မှုဖြစ်စဥ်အတွင်း ကလေးမြို့၊ မီးသတ်ဦးစီးဌာနအနေဖြင့် လာရောက်မီးငြှိမ်းသတ်ခြင်းမရှိဘဲ အနီးပတ်ဝန်းကျင်နေအိမ်များမှ ဘေးအိမ်များသို့မီးမကူးရန် ကိုယ်ထူကိုယ်ထ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
“ အဲ့ဒီဘက်တွေက မီးသတ်သမားတွေမလာရဲဘူး။ စစ်တပ်က ခွင့်ပြုမှလာလို့ရမှာဆိုပြီး မလာကြဘူး မီးသတ်ရုံးကလည်း” ဟု ကလေးမြို့ခံအမျိုးသားတစ်ဦးက ဆက်လက်ပြောသည်။
ပြီးခဲ့သည့် မတ်လ ၁၇ ရက်ကလည်း ကလေးမြို့ပေါ် စစ်ကောင်စီတပ်စွဲခဲ့သည့် ဆည်မြောင်းရုံးနှင့်သစ်တောရုံးများ မီးမတော်တဆမှုဖြစ်ပွားခဲ့ပြီး မီးသတ်ဌာနက လာရောက်ငြှိမ်းသတ်ခြင်းမရှိသောကြောင့် ပြာကျခဲ့ရကြောင်း ဒေသခံများထံမှစုံစမ်းသိရှိရသည်။