လက်နက်နှင့်တကွ အလင်းဝင်လာသော စစ်သားတစ်ဦးကို ဆုငွေ ၃၁သိန်း ချီးမြှင့်ခဲ့ကြောင်း မတ္တရာမြို့နယ်ပကဖ က သတင်းထုတ်ပြန်သည်။
မန္တလေးတိုင်း၊ မတ္တရာ မြို့နယ်အတွင်း တာဝန်ကျသည့် တပ်မ- ၈၈လက်အောက်ခံ ခလရ -၇၈တပ်ရင်း မှတပ်သားတစ်ဦးသည် လက်နက်နှင့်တကွအလင်းဝင်လာခြင်းဖြစ်ကြောင်း မတ္တရာပကဖ က ယနေ့(ဧပြီ၁၂ရက်)သတင်းထုတ်ပြန်သည်။
“ သူကရိုးရိုးတပ်သားပါပဲ။ဘာလို့အလင်းဝင်လာသလဲဆိုတော့စကစရဲ့ လုပ်ရပ်တွေလည်းမကြိုက်တဲ့အခြေအနေလည်းဖြစ်တယ်။ ပြီးတော့အလင်းဝင်ဖို့လမ်းစလည်းတွေ့တာနဲ့ဝင်လာတာလို့သူကပြောတယ်” ဟု မတ္တရာမြို့နယ်ပကဖ၊သတင်းတာဝန်ခံဘိုတောက်ကပြောသည်။
အလင်းဝင်လာသည့် စစ်သားနှင့် ၎င်း၏ ဇနီးတို့ကို လုံခြုံသည့်နေရာသို့ ပို့ဆောင်ထားကြောင်း သိရသည်။
“ သူတပ်ကထွက်လာကတည်းက သူ့ဖုန်းဆင်းကတ်တွေဖျက်ဆီးလိုက်တာဆိုတော့ တပ်ဘက်ကနေဆက်သွယ်လာတာမရှိဘူး၊ဒါပေမဲ့၊ စစ်တပ်ဘက်ကမတ္တရာမြို့နယ်အတွင်းမှာစစ်ကြောင်းထိုးပြီး လိုက်ရှာတာမျိုးတော့ရှိခဲ့တယ်” ဟုမတ္တရာမြို့နယ်ပကဖ ရဲဘော်တစ်ဦးကပြောသည်။
အလင်းဝင်လာသည့်စစ်သားသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်မှစတင်ကာ စစ်တပ်ထဲ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်းသိရသည်။