မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)တွင် စစ်ကောင်စီ ဒုတိယခေါင်းဆောင် စိုးဝင်း အထူးစစ်ဆင်ရေးအစည်းအဝေးပြုလုပ်နေစဉ် ကာမီကာဇေ Fixed Wing Drone များဖြင့် ဒုတိယအကြိမ်မြောက် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း Shar Htoo Waw က သတင်းထုတ်ပြန်သည်။
ယနေ့(ဧပြီ၉ရက်) မွန်းလွဲ ၁ နာရီခွဲခန့်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်း အထူးစစ်ဆင်ရေးအစည်းအဝေးပြုလုပ်နေသည့် အားကစားခန်းမသို့ ကာမီကာဇေ Fixed Wing Drone ၃ စင်းနှင့် စစ်ရဟတ်ယာဥ် ၂ စင်းရပ်ထားသည့် ကွင်းသို့ ကာမီကာဇေ Fixed Wing Drone ၂ စင်း တို့ ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့၏ Alpha Bats တပ်ခွဲက မောင်းချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“အဲဒီမှာ ဒုစစ်ခေါင်းဆောင်စိုးဝင်းအပြင် တောင်ပိုင်းရဲ့ တပ်မှူးတွေနဲ့အရာရှိကြီးတွေ ရှိနေပါတယ်။အထိအခိုက်အသေးစိတ်ကတော့ မသိရသေးပါဘူး။ရဟတ်ယာဥ် ကတော့ ၁ စင်းပဲ ပျံတာတွေ့ရပါတယ်။မနေ့ကထက်တော့ ကျိန်းသေပေါက် ခြောက်ခြားသွားမှာပါ။တောက်လျှောက် ဖိအားတွေပေးနေဦးမှာပါ။တော်လှန်ရေး အရှိန်မြင့်လာပါပြီ” ဟု Shar Htoo Waw ၏ Alpha Bats တပ်ခွဲမှ တာဝန်ရှိသူ ကပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် ရဟတ်ယာဥ် ၁ စင်းထိခိုက်ပျက်စီးနိုင်ကြောင်းသိရသည်။
“စစ်ခေါင်းဆောင်တွေအတွက် ဒရုန်းတွေဟာ စိုးရိမ်စရာအခြေအနေမှာဖြစ်လာပါပြီ။လက်ရှိအသုံးပြုနေတဲ့ ကာမီကာဇေ အပြင် အခြားသော ဒရုန်းတွေဟာဆိုရင် ပစ်မှတ်ကို ထိရောက်စွာ ပစ်ခတ်နိုင်နေပါပြီ။မီတာ ၁၀၀ ဖြစ်ဖြစ် ၂၀၀ ဖြစ်ဖြစ် ထိရောက်စွာပစ်ခတ်နိုင်နေပြီ။ ထိခိုက်မှုလည်း တိကျတယ်။ပေါက်ကွဲမှုကလည်း ပြင်းထန်တယ်။ဒါကြောင့်မို့ စစ်ခေါင်းဆောင်တွေအတွက်တော့ စိုးရိမ်စရာတွေပဲ လာတော့မယ်လို့ပြောချင်ပါတယ်” ဟု Angry Bird Rangers မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းတိုက်မှုအပြီးတွင်မော်လမြိုင် မြို့တွင်း၊မြို့ပြင် အပြင် တပ်ဝင်းကိုပါ ပိတ်ဆို့လိုက်ကြောင်းသိရသည်။
ဧပြီ ၈ ရက်၊ ညနေ ၅ နာရီခန့်တွင်လည်း အရှေ့တောင်တိုင်းစစ်ဌာနချုပ် အတွင်း စိုးဝင်းနှင့်အဖွဲ့ စစ်ဆင်ရေးကွပ်ကဲမှုအစည်းအဝေးလုပ်နေကြောင်း သတင်းရရှိ၍ ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ ၏ Alpha bats တပ်ခွဲ က မြေပြင်လုံခြုံရေးပူးပေါင်းတပ်များ အကူအညီဖြင့် Fixed Wing Drone အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း Shar Htoo Waw က ထုတ်ပြန်ထားသေးသည်။