ဧပြီ ၄ရက်က စတင်ကျင်းပနေသည့် ပြည်သူ့ညီလာခံတွင် ပကဖ၊ ပအဖ ကိစ္စဆွေးနွေးသောကြောင့် ယနေ့(ဧပြီ ၉ရက်) ညီလာခံနောက်ဆုံးရက်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က မတက်ရောက်ခဲ့ကြောင်း ညီလာခံတက်ရောက်ခဲ့သူတစ်ဦးက MPA သို့ပြောသည်။
အဆိုပါညီလာခံတွင် မူလအစီအစဉ်၌ ပါဝင်ခြင်းမရှိသည့် အစီအစဉ်များပါဝင်သောကြောင့် CRPH က ညီလာခံနောက်ဆုံးနေသို့ မတက်ရောက်ခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆက်လက်ရှင်းပြသည်။
“ ညီလာခံမှာ ကျွန်တော် ကြုံခဲ့ရတာကတော့ ပအဖ၊ ပကဖတွေ ကိစ္စရယ်၊ နောက် Full Consensus ကိစ္စရယ်က ညီလာခံ အစီအစဉ်ထဲမှာ မပါဘူး။ အဲဒါကို CRPHက ညီလာခံ အစီအစဉ်ထဲမှာ မပါတဲ့ကိစ္စဖြစ်တယ်ဆိုပြီး လက်မခံဘူးဖြစ်တယ်။ CRPHထွက်ရလောက်အောင်ဖြစ်ရတဲ့ နှစ်ခုဆိုလို့ အဲဒါပဲ ရှိတယ်။ ကျန်တဲ့ဟာတွေကတော့ ထွေထူး ပြဿနာ မရှိပါဘူး “ ဟု ၎င်းက ပြောသည်။
ထို့ပြင် ညီလာခံ မူလအစီအစဉ်တွင် မပါဝင်သည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဘက်ရှိ အချို့သော ပကဖ၊ ပအဖ၊ ပလဖများ၏ ရာဇဝတ်မှုများ၊ လူခွင့်အရေးချိုးဖောက်နေမှုများကို ပြင်ဆင်ရန်နှင့် တက်ရောက်လာသူ အားလုံးသဘောတူမှသာလျှင် ဆုံးဖြတ်၍ရသည့် Full Consensus ကိစ္စကို ပြင်ဆင်ရန်အတွက် တက်ရောက်လာသည့် ကိုယ်စားလှယ်များမှ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
“ အနှစ်သာရအားဖြင့် အဓိပ္ပာယ်ရှိတဲ့ တော်လှန်ရေးဖြစ်ဖို့လိုတယ်။ အဓိကက ပေါင်းချင်ယောင်ဆောင်ပြီး ငါတို့တွေ စည်းလုံးပါတယ်။ ညီညွတ်ပါတယ်ဆိုပြီး ကွဲနေတာမျိုးကလည်း တကယ်တော့ ဘာမှ အဓိပ္ပာယ်မရှိဘူး။ ပိုကောင်းတဲ့ အခင်းအကျင်းတစ်ခုကို ပြည်သူက ဘယ်လိုဆက်ပြီး သယ်ဆောင်မလဲဆိုတာရယ်၊ တော်လှန်ရေး ဦးဆောင်နေတဲ့ ခေါင်းဆောင်တွေက ပြည်သူရဲ့သစ္စာကို ခံယူမယ့် ဘယ်သူတွေ ပေါ်မလဲဆိုတာဘဲ ကျွန်တော်တို့ စောင့်ကြည့်ရမှာ” နိုင်ငံရေး လေ့လာ သုံးသပ်သူတစ်ဦးက ပြောသည်။
CRPHက ပြည်သူ့ညီလာခံသို့ ဆက်လက် မတက်သည့်အကြောင်းရင်းနှင့်ပတ်သက်ပြီး ပြည်သူ့ညီလာခံသို့ အကြောင်းကြားစာပေးပို့ခဲ့ပြီး၊ အဆိုပါစာထဲတွင် ညီလာခံ၌ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၂) ပါ ပြဋ္ဌာန်းချက်များထက်ကျော်လွန်၍ ဆွေးနွေးဆုံးဖြတ်အတည်ပြုချက်ရယူရန် လုပ်ဆောင်မှုများရှိလာခြင်း၊ ကြိုတင်ဖြန့်ဝေထားသည့် အစီအစဉ်များထက်ကျော်လွန်၍ ဆွေးနွေးဆုံးဖြတ် အတည်ပြုချက်ရယူရန် လုပ်ဆောင်မှုများရှိလာခြင်း တို့ကြောင့်ဖြစ်သည်ဟု ဖော်ပြထားသည်။
ထို့ပြင် ညီလာခံ၏အစီအစဉ်တခုတွင် သဘာပတိက မှတ်တမ်းတင်ရန် ဆုံးဖြတ်ခဲ့ပြီးသော အကြောင်းအရာအား နောက်အစီအစဉ်တခုတွင် ပြန်လည်ပြင်ဆင်ဆုံးဖြတ် အတည်ပြုရန် ဆောင်ရွက်ခြင်း၊ မူလအစီအစဉ်တွင် ပါဝင်ခြင်းမရှိသော ထပ်မံတင်သွင်းသည့် အဆိုပြုချက်များသည် သက်ဆိုင်ရာ အစုအဖွဲ့များအတွင်း အကျေအလည် အချိန်ယူဆွေးနွေးပြီး သဘောထားရယူနိုင်ရန် လိုအပ်သည့်အပြင် ယခုထက် ပိုမိုစုံလင်သော Stakeholders များနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရန် လိုအပ်သည့် အကြောင်းအရာ ကိစ္စရပ်များဖြစ်ခြင်း၊ အချို့သော ညီလာခံကိုယ်စားလှယ်များသည် ညီလာခံက ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာရန် ပျက်ကွက်ခြင်းကြောင့်ဟု CRPH က ဆိုသည်။
ပြည်သူ့ ညီလာခံနောက်ဆုံးနေ့သို့ CRPHက မတက်ရောက်ခြင်းနှင့် ပတ်သတ်ပြီး CRPH မှတာဝန်ရှိသူတစ်ဦးကို MPAက ဆက်သွယ်ခဲ့သော်လည်း ဖြေကြားလိုခြင်း မရှိကြောင်းသာ ပြန်လည်ဖြေကြားခဲ့သည်။
၆ရက်တာပြုလုပ်ခဲ့သည့် ပြည်သူ့ညီလာခံကို နွေဦးတော်လှန်ရေးအတွင်း တိုက်ပွဲဝင်နေကြသည့် အင်အားစုများ၊ ရွေးကောက်ခံကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုများမှ ကိုယ်စားလှယ်များနှင့် ကြားကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ် ကောင်စီများမှ ကိုယ်စားလှယ်များနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်သွားမည်ဟု NUCC ကဧပြီ ၃ရက်တွင် ထုတ်ပြန်ထားသည်။
ထိုကဲ့သို့ NUCC က ထုတ်ပြန်ထားသော်လည်း ယခုကျင်းပသည့် ပြည်သူ့ညီလာခံအား သိရှိခြင်းမရှိသည့် တော်လှန်ရေးအဖွဲ့အစည်းများပင်ရှိကြောင်းလည်း သိရသည်။