မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဆောက်ချုံပေါက်ရွာရှိ နေအိမ် ၅လုံးနှင့်ပဲမှော်စင် ၄လုံးတို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
မတ်လ၂၆ရက်၊နံနက် ၆နာရီခန့်တွင် စစ်ကြောင်းထိုးလာသည့်စစ်တပ်က ဆောက်ချုံပေါက်ရွာထဲ သို့ ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံက သိရသည်။
မတ္တရာမြို့နယ်သီလကုန်းကျေးရွာမှ စစ်သားနှင့် ပြည်သူ့စစ် အင်အား ၇၀ တို့သည် တောင်ကိုင်း(အောက်)ကျေးရွာသို့စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးနောက် ရွှေကျောင်းကျေးရွာမှ ပြည်သူ့စစ် ၃၀ ခန့်၊ ငယ်တိုးကျေးရွာမှ စစ်သားနှင့်ပျူစောထီး ၃၅ဦးခန့်တို့နှင့် ပေါင်းကာ ဆောက်ချုံပေါက်ရွာသို့ ဝင်ရောက်အကြမ်းဖက်ခြင်းဖြစ်ကြောင်း သိရသည်။
“ ခြုံပြောရမယ်ဆိုရင် စစ်တပ်က မတ္တရာမြို့နယ်ထဲကို အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးပြီး နယ်မြေရှင်းလင်းရေးဝင်တဲ့သဘောပါ။ကျနော်တို့အထင်ပြောရရင် PDF အားကောင်းတယ် လို့ထင်ရတဲ့ရွာတွေကို မီးရှို့ဖျက်ဆီးတာတွေရှိလာတာပေါ့” ဟု မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သတင်းတာဝန်ခံဘိုတောက်ကပြောသည်။
ယင်းစစ်ကြောင်းသည် ဆောက်ချုံပေါက်ကျေးရွာကိုမီးရှို့ပြီးနောက် မတ်လ ၂၆ရက်၊နံနက် ၁၁နာရီခန့်တွင် ငယ်တိုးကျေးရွာနှင့် ရွှေကျောင်းကျေးရွာတို့သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်းသိရသည်။
“ ဒီအချိန်မှာ ပြည်သူတွေတော်တော်များများကလည်း ကျပ်တည်းနေတဲ့အချိန်လည်းဖြစ်ပါတယ်။ အဲ့ဒီတော့ဒီလိုကျပ်တည်းတဲ့အချိန်မှာ မီးရှို့ခံရပြီး နေအိမ်ဆုံးရှုံးခဲ့ရတယ်ဆိုတော့ နေအိမ်ပြန်ဆောက်ဖို့ရာ အခက်ခဲတွေရှိနေပါတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
မတ္တရာမြို့နယ်အရှေ့ခြမ်းရှိ ဆိပ်သာ၊ကွေ့ကြီး၊ အုန်းသာ၊ကျွဲတပ်နှင့် ကျွဲကျရွာမှ စုစုပေါင်းနေအိမ် ၆၃လုံးကို မတ်လ ၂၃ရက်၊နံနက်ပိုင်းတွင် စစ်ကြောင်းထိုးလာသည့်တပ်က မီးရှို့ခဲ့သေးသည်။