မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ညောင်ပင်သာကျေးရွာသို့ ဝင်ရောက်စီးနင်းသော စစ်တပ်သည် ပကဖ ရဲဘော်နှင့် ဒေသခံအမျိုးသား၁ဦးတို့ကို သတ်သွားခဲ့ကြောင်း သိရသည်။
မတ်လ ၂၀ရက်၊နံနက် ၅နာရီခွဲခန့်တွင် ညောင်ပင်သာရွာထဲသို့ စစ်တပ်က ဝင်ရောက်စီးနင်းခြင်းဖြစ် ကြောင်း မတ္တရာပကဖ ထံက သိရသည်။
မတ္တရာမြို့နယ်၊ ကျောက်တံတားရွာမှ စစ်ကြောင်းတစ်ကြောင်းနှင့် သဖန်းကိုင်းကျေးရွာမှ စစ်ကြောင်းတစ်ကြောင်းတို့ဖြင့် ညောင်ပင်သာရွာသို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့သည့် ပကဖရဲဘော်တစ်ဦးနှင့် ပြည်သူတစ်ဦးတို့ကို သတ်ခဲ့ခြင်းဖြစ်ကြောင်း မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သတင်းတာဝန်ခံ ကိုဘိုတောက်ကပြောသည်။
“ စစ်ကြောင်းထိုးလာတဲ့အချိန် ပကဖရဲဘော်က သူတို့နဲ့ထိပ်တိုက်တွေ့တဲ့အနေအထားမှာ အသတ်ခံလိုက်ရတာပါ။ လက်တစ်ဖက် အဖြတ်ခံထားရတယ်။ ရင်ဘတ်လည်းဓားနဲ့ထိုးမွှေခံထားရတယ် ။ ပြည်သူကလည်း သူတို့နဲ့တွေ့လို့ သေနတ်နဲ့ခေါင်း ပစ်သတ်ခံရတယ်” ဟု ၎င်းကပြောသည်။
ယင်းစစ်ကြောင်းသည် ညောင်ပင်သာရွာမှထွက်လာပြီးနောက် ရှားစေးချက်ကျေးရွာသို့ နံနက်၈နာရီခန့်တွင် ရောက်ရှိလာပြီး မီးရှို့ခဲ့ရာ နေအိမ် ၁၄လုံးမီးလောင်ပျက်စီးခဲ့သည်။
“ ရှားစေးချက်ကိုစစ်ကြောင်းက ညောင်ပင်သာ ကအထွက်မှာ မီးဝင်ရှို့သွားတာပါ။ ဘာကြောင့်ရှို့တယ်ဆိုတာတော့မသိရသေးဘူး။ ဒေသခံတွေလည်းစစ်ကြောင်းလာပြီဆိုကတည်းက ပြေးကြရပြီ” ဟု ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသည့်အတွက် ညောင်ပင်သာနှင့် ရှားစေးချက်ရွာမှ ဒေသခံ ၃၀၀ ကျော် တိမ်းရှောင်နေရကြောင်း သိရသည်။