စစ်တပ်မှအာဏာသိမ်းမှုကျူးလွန်ပြီးနောက် မတရားဖမ်းဆီးတရားစွဲဆိုထားသည့် နိုင်ငံ့ခေါင်းဆောင်များဖြစ်သည့် နိုင်ငံတော်သမ္မတ၊နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်နိုင်ငံခေါင်းဆောင်များသည် ၎င်းတို့၏ရှေ့နေအဖွဲ့နှင့်အဆက်အသွယ်ပြတ်တောက်နေသည်မှာ တစ်လကျော်ကြာမြင့်လာပြီဖြစ်ကြောင်းသိရသည်။
“ ပြီးခဲ့တဲ့ဇူလိုင်လ၁၂ရက်နေ့တည်းက အဆက်အသွယ်မရတော့တာ။ အဆက်အသွယ်မရဘူးဆိုတာက အရင်ကလည်းရုံးချိန်းတွေမှာပဲတွေ့ရတာလေ။ အခုကရုံးချိန်းတွေမရှိတော့ အဆက်အသွယ်မရှိတော့တဲ့သဘောပေါ့” ဟု ရှေ့နေအဖွဲ့မှ ရှေ့နေတစ်ဦးက MPAသို့ပြောသည်။
စစ်တပ်အနေဖြင့် အစိုးရရုံးပိတ်ရက်များကြောင့် နိုင်ငံခေါင်းဆောင်များ၏ရုံးချိန်းကိုရွေ့ဆိုင်းခြင်းများပြုလုပ်ခဲ့ကြသည်။နောက်ဆုံးရွှေ့ဆိုင်းထားသည်မှာ သြဂုတ်လ၂၃ရက်နေ့ဖြစ်သည်။ ရှေ့နေအဖွဲ့၏ပြောပြချက်အရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ဇူလိုင်လ ၁၂ရက်နှင့်၁၉ရက်ကြားတွင်ရိက္ခာများပို့ပေးခဲ့ရခြင်းမှာနောက်ဆုံးအကြိမ်ဖြစ်ကြောင်းသိရသည်။
“နောက်ဆုံးပို့ခဲ့တာက ဇူလိုင်လ၁၂နေ့နဲ့အာဇာနည်နေ့မတိုင်ခင်ကြားမှာတစ်လစာပို့ပေးခဲ့တယ်။အဲ့အပြင်တော့ ထပ်ပို့တာတွေ။နိုင်ငံ့ခေါင်းဆောင်တွေက ထပ်မှာတာမျိုးတွေတော့မရှိသေးဘူး”ဟု ၎င်းကဆိုသည်။
ပြီးခဲ့တဲ့ သြဂုတ်လ၆ရက်နေ့က ရှေ့နေအဖွဲ့မှ တရားလွှတ်တော် ရှေ့နေ ဒေါ်စန်းမာလာညွန့်အပါအဝင်ရှေ့နေ၅ဦးကို နိုင်ငံ့ခေါင်းဆောင်များနှင့်ပတ်သက်သောအင်တာဗျူးများဖြေကြားခွင့်ကို စစ်တပ်က ပိတ်ပင်ခဲ့သည်။
လက်ရှိအချိန်မှာနိုင်ငံခေါင်းဆောင်များ၏ ကျန်းမာရေးအခြေအနေများအပါအဝင်အခြားမည်သည့်အခြေအနေကိုမျှသိရှိရခြင်းမရှိကြောင်းရှေ့နေအဖွဲ့မှသိရသည်။နိုင်ငံတော်သမ္မတအပါအဝင်နိုင်ငံ့ခေါင်းဆောင်များသည် စစ်တပ်အာဏာသိမ်းပြီးချိန်မှ လက်ရှိအချိန်ထိစစ်တပ်၏ထိန်းသိမ်းခြင်းကို ခံထားရပြီး မည်သည့်နေရာတွင် ထားရှိသည်ကို မည်သူမှသိရှိရခြင်းမရှိပေ။
စစ်တပ်သည်နိုင်ငံတော်၏သမ္မတဦးဝင်းမြင့်ကိုသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅၊ ပုဒ်မ ၅၀၅(ခ)တို့ဖြင့်တရားစွဲဆိုထားပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် ၂မှု၊ ပို့ကုန်၊ သွင်းကုန် ဥပဒေပုဒ်မ ၈၊ ပုဒ်မ ၅၀၅(ခ)၊ ဆက်သွယ်ရေးပုဒ်မ ၆၇၊ မြန်မာနိုင်ငံလျှို့ဝှက်ဥပဒေပုဒ်မ ၃(၁)(ဂ)တို့ဖြင့် တရားစွဲခံထားပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့်အမှုဖွင့်ထားသည်။