မိုးကုတ်မြို့မှ မန္တလေးသို့ နေရပ်စွန့်ခွာစစ်ရှောင်သူများနေသဖြင့် ကားလက်မှတ် ကြိုတင်ဝယ်မရတော့ ကြောင်း သိရသည်။
ယနေ့ (ဇန်နဝါရီ ၂၃ ရက်) မှစတင်ကာ မိုးကုတ်မြို့မှ မန္တလေးမြို့သို့သွားသည့် ခရီးသည်တင်ယာဉ်လက်မှတ်များကို ကြိုတင်ဝယ်မရတော့ခြင်းဖြစ်ကြောင်း မိုးကုတ်မြို့ခံအချို့ထံက သိရသည်။
” ကားက သွားတဲ့သူအရမ်းများတော့ ကားမရဖြစ်နေတာ။ ကြိုဝယ်ထားလို့လည်းမရဘူး။မန္တလေးကိုစစ်ရှောင်သွားသူတွေများတယ်။အများကြီးသွားကြတာ။ ကားတွေမှာ အိတ်တွေအပြည့်၊လူတွေအပြည့်ပဲ။
မနက်ဖြန်သွားချင်တာ ဒီနေ့ပြောတာတောင်မရဘူး” ဟု မိုးကုတ်မြို့ခံအမျိုးသားတစ်ဦးကပြောသည်။
မိုးကုတ်မြို့မှ မန္တလေးသို့ ခရီးသွားသူများပြီး မန္တလေးမှ ပြန်တက်လာသည့်ခရီးသည်မရှိသောကြောင့် ကားရှားခြင်းဖြစ်ကြောင်း မိုးကုတ်-မန္တလေး ခရီးသည်တင် ယာဥ်ငယ်မောင်းနှင်သူတစ်ဦးကပြောသည်။
” ကားက ဒီကနေလူအပြည့်တင်ပြီး ဆင်းလည်း မန္တလေးကနေ အတက်လူမရှိတော့ ခါလီတက်ရတာ။မကိုက်ဘူး။ ဆင်းတဲ့လူအရမ်းများပြီး အတက်လူမရှိတော့ အတက်ရှိသလောက်ပဲ ကားရတာပေါ့။ကားစျေးတွေတော့မတက်ပါဘူး။အဓိကတော့ အတက်ကားမရှိလို့” ဟု ၎င်းကပြောသည်။
မိုးကုတ်- မန္တလေးခရီးသည်တင်ယာဥ်ငယ်မှာ ရှေ့ခန်း တစ်ဦးလျှင်ကျပ် ၃၅၀၀၀နှင့် အနောက်ခန်း တစ်ဦးလျှင် ကျပ်၃၀၀၀၀ ပေးရကြောင်း သိရသည်။
မိုးကုတ်မြို့နှင့် ၂၈ မိုင်သာဝေးသည့် မိုးမိတ်မြို့တွင် တိုက်ပွဲပြင်းထန်နေသည့်အတွက် မိုးကုတ်မြို့မှ သက်ကြီးရွယ်အိုနှင့်ကလေးငယ်များမှာ စစ်မီးကူးလာမည်စိုးသဖြင့် တိမ်းရှောင်နေကြခြင်းဖြစ်သည်။
“ မြို့ထဲမှာကတစ်ယောက်စကားတစ်ယောက်နဲ့ရှောင်ကြတာ။ဘယ်သူကမှတရားဝင်မရှောင်ခိုင်းသေးဘူး။ကြောက်ကြသူတွေကြိုရှောင်ကြတာပဲ” ဟု မိုးကုတ်မြို့ခံအမျိုးသမီးတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၂၂ရက်၊မွန်းလွဲ ၁နာရီ ၁၀မိနစ်ခန့်တွင် တအောင်းတပ်မတော် TNLA တပ်ဖွဲ့ ရှိရာ မိုးကုတ်နှင့် မိုးမိတ်ကြား ၉ မိုင် နှင့် လွယ်ဆာကုန်းကျေးရွာအနီးတစ်ဝိုက်သို့ ဂျက်ဖိုက်တာ ဖြင့် (၁)ကြိမ်၊ ATR-42 ဖြင့် (၁) ကြိမ် ဗုံး (၁၀) လုံး ကြဲချခဲ့ကြောင်း TNLA ကသတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၂၁ ရက်၊ ည ၈ နာရီခန့်တွင် တအာင်းတပ်မတော် TNLA ရှိရာ မိုးကုတ်နှင့် မိုးမိတ်ကြား ၈ မိုင်သို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ သေနတ် (၄)လက် သိမ်းဆည်းရရှိကြောင်းလည်း TNLA က ထုတ်ပြန်ထားသည်။