မိုးကုတ်မြို့မှ မန္တလေးသို့ နေရပ်စွန့်ခွာ စစ်ရှောင်သူများနေသောကြောင့် ခရီးသည်တင် ကားလေးတစ်စီး၏ ဌားရမ်းခမှာ ကျပ်တစ်သိန်း စျေးတက်သွားကြောင်း သိရသည်။
မန္တလေးတိုင်း၊မိုးကုတ်မြို့မှ မန္တလေးသို့ စစ်ရှောင်သူ များနေသောကြောင့် ခရီးသည်တင်ကားလက်မှတ်လည်း ကြိုဝယ်၍မရတော့ သလို ကားခစျေးနှုန်းပါနှစ်ဆနီးပါး မြင့်တက်သွားကြောင်း မိုးကုတ် မြို့ခံအမျိုးသမီးတစ်ဦးကပြောသည်။
” ပိုက်ဆံရှိတဲ့သူတွေ၊သူဋ္ဌေးတွေတော့ ပြေးကြပြီလေ။အခုအချိန် တစ်ယောက်တစ်သိန်းဆိုလည်း ပေးပြီးပြေးကြမှာ။ကားတစ်စီးကို အခု နှစ်သိန်းခွဲဖြစ်နေပြီ။လူ၄ ယောက်ပဲလိုက်လို့ရတယ် “ ဟု ၎င်းကပြောသည်။
မိုးကုတ်-မန္တလေး ခရီးသည်တင်ယာဥ် Van ကားတစ်စီးလျှင် ခရီးသည်၄ ဦးလိုက်ပါနိုင်ပြီး ဇန်နဝါရီ ၂၂ရက်က ကျပ် ၁သိန်းခွဲဝန်းကျင်ကျသင့်ရာမှ ယနေ့ (ဇန်နဝါရီ၂၄ရက်)တွင် ကျပ် နှစ်သိန်းခွဲသို့ စျေးတက်သွားသည်။
” ခရီးသည်က အသွားပဲခရီးသည်ရှိတော့ အသွားအပြန်ဆီဖိုးရအောင် စျေးယူရတာပါ။ အပြန်ခရီးသည်မရှိတော့စျေးတက်တာ။ ကားမောင်းပြီး ဆားနဲ့စားနေရရင်လည်းမဟုတ်သေးဘူး။ မန္တလေးကိုအသွားပဲ ခရီးသည်ရှိပြီး အပြန်ကျမရှိတော့ မကိုက်လို့” ဟု မိုးကုတ်-မန္တလေး ခရီးသည်တင်ယာဥ်၊ယာဉ်မောင်းတစ်ဦးကပြောသည်။
မိုးကုတ်မြို့နှင့် ၂၈မိုင်သာဝေးသော မိုးမိတ်မြို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က မိုးကုတ်မြို့ပေါ်၌ အင်အားဖြည့်ထားကာ မြို့ဧရိယာ၏ ရာခိုင်နှုန်း ၈၀ ခန့်တွင် စစ်သားများအား ဖြန့်ကျက်ချထားကြောင်း သိရသည်။
” သူများတွေကတော့ရှောင်ခိုင်းတယ်။ မန္တလေးသွားရှောင် အမျိုးတွေအိမ်သွားလို့ပြောတယ်။ မန္တလေးသွားဖို့ ပိုက်ဆံက တစ်ကျပ်မှမရှိဘူး၊စျေးကနေပဲနည်းနည်းအကြွေးယူထားတယ်။ဆန်နည်း နည်းအကြွေးယူထားတယ်။ အဝတ်လာအပ်သူတွေပေးရင် နည်းနည်းဆီပြန်ဆပ်ရတယ်လေ။ ရှောင် ဖို့မပြောနဲ့ စားဖို့တောင်မရှိဘူး။ဟိုရက်ကလက်နက်ကြီးသံကြားတာတောင်လူကပျော့သွားတာ။ ကြောက်ပေမယ့် ရှောင်စရာမရှိဘူး” ဟု အသက် ၆၀ ကျော်အရွယ်ရှိ ဒိုဘီလုပ်ငန်းလုပ်ကိုင်သူအမျိုးသမီးတစ်ဦးကပြောသည်။
မိုးကုတ်မြို့ရှိ စစ်တပ်စခန်းနှင့်နီးသည့် စစ်တန်းရပ်ကွက်နှင့်ညောင်သုံးပင်ရပ်ကွက်တို့ရှိ ငွေကြေး တတ်နိုင်သော ပြည်သူတို့မှာ မန္တလေးသို့ တိမ်းရှောင်နေကြပြီး ငွေကြေးချို့တဲ့သူများမှာမူ ရပ်ကွက်အတွင်းမှာပင် ဆက်လက်နေထိုင်နေကြကြောင်း ယင်းရပ်ကွက်နေ ပြည်သူတစ်ဦးထံက သိရသည်။