ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူ တပ်မဟာ ၆ နယ်မြေအတွင်း ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူ ၉ သောင်းဝန်းကျင်ရှိလာပြီး စားနပ်ရိက္ခာနှင့် ဆန်အရေးပေါ်လိုအပ်နေကြောင်း ဒူးပလာယာခရိုင် – သတင်းနှင့်ပြန်ကြားရေးက ပြောရေးဆိုခွင့်ရှိသူတစ်ဦးကဆိုသည်။
ကေအဲန်ယူက နိုဝင်ဘာလအတွင်းကောက်ယူထားသည့် စာရင်းများအရ ကော့ကရိတ်မြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူ ၃ သောင်းကျော်၊ ကျုံဒိုးမြို့နယ်တွင် ၂ သောင်းကျော်၊ ဝင်းရေးမြို့နယ်တွင် ၂ သောင်းကျော်နှင့် နို့တကောမြို့နယ်တွင် ၂ သောင်းဝန်းကျင်ရှိကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။
“ ဒီဇင်ဘာလမှာ တိုက်ပွဲတွေပိုဖြစ်လာတော့ စစ်ဘေးရှောင်တွေလဲ နေ့စဥ်တိုးတိုးလာနေတာ။ အခုထိ စာရင်းလိုက်ကောက်နေရတဲ့အတွက် စာရင်းအတိအကျမသိရသေးပါဘူး။ စစ်ရှောင်ပြည်သူတွေကို ကျွန်တော်တို့ ဒူးပလာယာခရိုင်က စောင့်ရှောက်ထားပါတယ်။ အရေးပေါ်အခြေနေအရ ကျွန်တော်တို့ ဒူးပလာယာခရိုင်က နေရာထိုင်ခင်းနဲ့ အဓိကဆန်တွေ ကူညီပေးရပါတယ်” ဟု ၎င်းကဆိုသည်။
ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူများကို ယာယီစစ်ရှောင်စခန်းငယ်များဖြင့်သော်လည်းကောင်း၊ ကျေးရွာများအတွင်း ဒေသခံရွာသားများနှင့်အတူ နေထိုင်စေ၍သော်လည်းကောင်း ဘေးကင်းလုံခြုံသည့်နေရာတွင် အသီးသီးနေရာချထားပေးကြောင်း သိရသည်။
“ စစ်ရှောင်တွေထဲက ကလေးနဲ့ သက်ကြီးရွယ်အိုပိုင်းကတော့ အများကြီးရှိတာပေါ့။ အခက်အခဲကတော့ နေရာထိုင်းခင်း မလုံလောက်မှု၊ စားနပ်ရိက္ခာ မလုံလောက်မှု၊ ကျန်းမာရေးဆိုင်ရာ ဆေးဝါးကုသမှုစသဖြင့် ထပ်မံလိုအပ်နေပါတယ်။ သူတို့ရဲ့ဒေသမှာ မငြိမ်းချမ်းသေးတဲ့ ကာလပတ်လုံး နောက်ဆုံး စစ်ကောင်စီတွေ ရှိနေသရွေ့ ဘယ်လိုမှပြန်လို့မရသေးပါဘူး” ဟု အထက်ပါပြန်ကြားရေးဌာနက တာဝန်ရှိသူကဆက်လက်ပြောသည်။
ဒီဇင်ဘာလအတွင်း နေရာအနှံ့တိုက်ပွဲများပိုမိုပြင်းထန်လာသဖြင့် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်သူများ နေ့စဉ်ရှိနေပြီး စစ်ဘေးရှောင်ဦးရေပိုမိုများပြားလာသဖြင့် ကေအဲန်ယူနှင့် ပြည်တွင်း၊ ပြည်ပမှအကူအညီအထောက်အပံ့များ လုံလောက်မှုမရှိတော့ဘဲ နေရာထိုင်ခင်း၊ စားနပ်ရိက္ခာနှင့် ကျန်းမာရေးဆိုင်ရာဆေးဝါးများထပ်မံလိုအပ်လျက်ရှိကြောင်း ကေအဲန်ယူကဆိုသည်။
“ စစ်ရှောင်ရတယ်ဆိုတာကတော့ အားလုံးသိတဲ့အတိုင်းခက်ခဲပါတယ်။ တစ်ချို့ကျ တောတောင်တွေထဲရှောင်ကြရတော့ ညရေး၊ ညတာဆိုရင်လဲ အကောင်၊ ပလောင် ကိုက်ခံရတာမျိုးလဲရှိတယ်။သူတို့ဆီသွားဖို့ လမ်းခရီးလည်းကြမ်းတယ်။ ကျွန်တော်တို့ ဆန်အိတ်တွေသွားလှူခဲ့တုန်းကလည်း သယ်ယူပို့ဆောင်ရေးအတော်ခက်ခဲခဲ့တယ်” ဟု ကရင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို ကူညီထောက်ပံ့ပေးခဲ့သူတစ်ဦးက ပြောပြသည်။
ကရင်ပြည်နယ်အတွင်းဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေများကြောင့် မြဝတီ – ကော့ကရိတ်အာရှလမ်းမကြီးအား ဖြတ်သန်းသွားလာခွင့်ပိတ်ထားသည့်မှာ ၁၉ ရက်ခန့်ရှိပြီဖြစ်ပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။