ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ တစ်ပတ်အ တွင်းထွက်ခွာရန် KNU ကသတိပေးခဲ့ပြီးနောက် ကော့ကရိတ်ဆေးရုံနှင့် မြို့ပေါ်စာသင်ကျောင်းများပိတ် ထားသည့်အပြင် ကော့ကရိတ်တစ်မြို့လုံးနီးပါး စစ်ဘေးရှောင်နေကြကြောင်း ကော့ကရိတ်မြို့တွင်း နေ ထိုင်သူများကဆိုသည်။
“ ဆေးရုံလည်း ပိတ်ထားလိုက်ပြီပြောတယ်။ ဆရာဝန်တွေ ရုံးဝန်ထမ်းတွေ မရှိတော့ဘူးကြားတယ်။ သူနာပြုဆရာမလောက်ဘဲရှိတော့တယ်။ ရှောင်ကုန်ကြပြီ။ ဝန်ထမ်းတော်တော်များများ မရှိကြတော့ဘူး။ တချို့ကော့ကရိတ်မြို့ခံဝန်ထမ်း နည်းနည်းပါးပါးလောက်ဘဲ ကျန်လိမ့်မယ်” ဟု ကော့ကရိတ်မြို့ခံတစ်ဦး ကဆိုသည်။
ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူက အထက်ပါသတိပေးချက်ကို နိုဝင်ဘာ ၁၇ ရက်ကထုတ်ပြန် ခဲ့ခြင်းဖြစ်ပြီး မနက်ဖြန်ဆိုလျှင် တစ်ပတ်ပြည့်မည်ဖြစ်သောကြောင့် ယခုကဲ့သို့ စစ်ကောင်စီလက် အောက်ခံဆေးရုံနှင့် ကျောင်းများ ပိတ်ထားလိုက်ခြင်းဖြစ်နိုင်ကြောင်း ၎င်းကဆက်လက်ပြောသည်။
“ အခြေအနေကတော့ ပြည်သူတွေတော်တော် ကြောက်နေကြတယ်။ မြို့ထဲလည်း ခြောက်ကပ်နေတာပဲ။ စစ်တပ်နဲ့ အနီးအနားမှာ နေတဲ့သူတွေက ပိုကြောက်ပြီးရှောင်တိမ်းနေကြပြီ” ဟု ကော့ကရိတ်မြို့ရှိ ကုန် ပစ္စည်းများ သယ်ယူပို့ဆောင်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ စာသင်ကျောင်းအချို့ကို ၂၀ ရက်နေ့မှစတင်၍ ယာယီပိတ်ထားလိုက် ခြင်းဖြစ်ပြီး ယနေ့တွင် ဆေးရုံလည်းပိတ်လိုက်ကာ စစ်ကောင်စီလက်အောက်ရှိ အခြားရုံးဝန်ထမ်းအများ စုလည်း တိမ်းရှောင်နေကြကြောင်း စုံစမ်းသိရှိရသည်။
ဒေသခံတော်လှန်ရေးတစ်ဖွဲ့တစ်ခု၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ပြည်သူတွေအနေနဲ့ကတော့ ကြို တင်ပြင်ဆင်ထားပါ။ တိုက်ပွဲဖြစ်လာရင် လိုက်မပြေးဘဲနဲ့ ဗုံးခိုကျင်းတွေထဲမှာနေကြပါ။ ရိက္ခာ၊ ဆေးဝါး တွေလည်း ကြိုတင်စုဆောင်းထားကြပါ”ဟု အကြံပြုသည်။
ယခုရက်ပိုင်းအတွင်း စစ်ကောင်စီလက်အောက်ခံ ကော့ကရိတ်မြို့အခြေစိုက် ခလရ ၉၇ တပ်အပါအဝင် စစ်ကောင်စီတပ်များက ပြည်သူများနေထိုင်ရာ ကျေးရွာနှင့် ရပ်ကွက်များကို လက်နက်ကြီးများဖြင့် ပစ် ခတ်လေ့ရှိပြီး ဒေသခံပြည်သူများမကြာခဏဆိုသလို ထိခိုက်သေဆုံးမှုများ ကြုံတွေ့နေရကြောင်း ဒေသ ခံများက ဆိုသည်။
“လက်နက်ကြီးကျတဲ့နေရာတွေက ကျွန်မတို့နဲ့နီးလို့ အခုအိမ်မှာ မနေရဲတော့ဘူး။ ရှောင်ဖို့ ပြင်ဆင်နေ ရတယ်ဆိုပေမယ့် ဘယ်သွားရမှန်းမသိဘူးဖြစ်နေတယ်” ဟု တံတားဦးရပ်ကွက်မှ ဒေသခံတစ်ဦးက ဆို သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့က ကော့ကရိတ်မြို့အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် – KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ဖူး ပြီး ယခုရက်ပိုင်းတွင်လည်း တိုက်ပွဲများပြန်လည်ဖြစ်လာနိုင်ခြေရှိသည်ဆိုသည့် သတင်းများ မြို့ခံလူထု အတွင်းပျံ့နှံ့နေခဲ့သည်။