ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နှင့် မိုးကုတ်မြို့တို့တွင် တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ PDF ပူးပေါင်းတပ် နှင့် စစ်ကောင်စီတပ်များအကြား စက်တင်ဘာ ၁၅ရက်မှ ၁၈ ရက်အထိ သုံးရက်တာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၈၀ခန့်ကျဆုံးခဲ့ကြောင်း မြေပြင် စစ်ရေးသတင်းရင်းမြစ်က MPA သို့ပြောသည်။
“ မူဆယ်ရယ်၊ မိုးကုတ်ရယ် သုံးရက်တိုက်ပွဲအတွင်းမှာ စစ်တပ်ဘက်က ၈၀ လောက်ကျတယ်။ အကောင်ကြီးတွေလဲပါတယ်။ လက်နက်တွေလဲ သိမ်းဆည်းရမိထားတာရှိတယ်။ စစ်ရေးက တင်းမာနေဆဲဆိုတော့ အသေးစိတ်ပြောလို့မရသေးဘူး” ဟု မြေပြင်တိုက်ပွဲအတွင်းပါဝင်ခဲ့သည့် PDF ရဲဘော်တစ်ဦးက ဆိုသည်။
ထိုကဲ့သို့ တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် လက်နက်ကြီးသံများနားစွင့်ရန်၊ အသွားအလာဆင်ခြင်ရန် ပြည်သူအချင်းချင်း အသိပေးမှုများပြုလုပ်နေကြောင်းလည်း မူဆယ်မြို့၊ ဝိန်းနန်းရွာ ဒေသခံတစ်ဦးက MPA သို့ပြောသည်။
“ လက်နက်ကြီးပစ်ခတ်သံတွေကြားနေရလို့ ကျွန်တော်တို့ဒေသခံအချင်းချင်း ကဘာသံကြားကြား ထွက်မကြည့်ဖို့တွေ မှာထားတာ တိုက်ပွဲက တစ်နေကုန်နီးပါးကိုဖြစ်တာ၊ လက်နက်သံတွေဆို ဝိန်းနန်းရွာ၊ အနားက ရွာသုံးလေးခုဖက်မှာ ပိုကြားရတယ်။ အဲ့ဒါကြောင့် အဲ့ဒီရွာတွေဖက်ဆို အသွားအလာဆင်ခြင်ရတယ်။ နောက်ပြီး တိုက်ပွဲကလည်းဖြစ်နေ တော့ ရွာဘက်ဝင်လာရင်ပြေးဖို့တွေပါအဆင်သင့် လုပ်ထားရတယ်”ဟု ဝိန်းနန်းရွာ နေဒေသခံတစ်ဦးက ဆိုသည်။
သုံးရက်တာ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် တောက်လျှောက် ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး၊ စစ်ကောင်စီဘက်မှ အကျအဆုံးများကာ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့သည်ဟု (TNLA) က ထုတ်ပြန်ထားသည်။
“ထိုးစစ်ဆင်လာတဲ့ တပ်တွေက တပ်မ-၄၄ ရဲ့ လက်အောက်ခံ ခမရ- ၁၀၄၊ ခလရ – ၁၄၈နဲ့ ခမရ – ၁၀၂ တို့နဲ့ (TNLA) တို့က ကုန်းစံရွာအနီး မှာ တိုက်ပွဲဖြစ်ခဲ့တယ်။ပြီးတော့ ဖြူရောင်ရွာနဲ့ အထက်ညောင်ကုန်းရွာအနီး ကို စစ်ကောင်စီဘက်က လေကြောင်းနဲ့ နှစ်ကြိမ် တိုက်ခိုက်ခဲ့တယ်”ဟု မိုးကုတ်မြို့နယ်၊ ဖြူရောင်ရွာနေ ပြည်သူတစ်ဦးက ပြောသည်။
(TNLA)၊ PDF ပူးပေါင်းတပ် နှင့် စစ်ကောင်စီတပ်များအကြား ဇူလိုင် ၂၃ရက်မှ စက်တင်ဘာ ၁၈ ရက်အထိ မူဆယ်မြို့၊ မိုးကုတ်မြို့၊ ကျောက်မဲမြို့တို့တွင် ထိတွေ့တိုက်ပွဲ ၄၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိတွင်လည်း မိုးကုတ်၊ နောင်ချိုတို့တွင် စစ်ရေးတင်းမာလျက်ရှိကြောင်း သိရသည်။