စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တစ်မြို့လုံးနီးပါး ရေကြီးရေလျှံဖြစ်ကာ မြေနိမ့်ပိုင်းနေအိမ်များအနေဖြင့် ဘေးလွတ်ရာ အမြင့်ပိုင်းများသို့ ပြောင်းရွှေ့နေကြရသည်ဟု ဒေသခံများထံမှ သိရသည်။
ယမန်နေ့ (စက်တင်ဘာ ၇)၊ ညနေပိုင်းမှစတင်ကာ ကလေးမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး မြို့တွင်းသို့ ဖြတ်သန်းစီးဆင်းနေသည့် ဥပုသ်ချောင်းရေတက်ကာ ရေကြီးရေလျှံနေခြင်းဖြစ်သည်ဟု ဆိုသည်။
“တစ်မြို့လုံးနီးပါးလျှံတာဗျ။ ကလေးမြို့အနောက်ပိုင်း မွန်းလိုင်၊ ကြို့သုံးပင်ကစလို့ ကလေးမြို့အရှေ့ဘက်ထိပေါ့နော၊ ရပ်ကွက်တိုင်းလိုလိုမှာ လျှံတယ်ဗျ။ အများစုကတော့ မြို့ပေါ်မှာရှိတဲ့ ချောင်းတွေကနေ လျှံတယ်။ အခုလက်ရှိ ကလေးမြို့အရှေ့မြောက်ဘက်မှာရှိတဲ့ အနိမ့်ပိုင်းရပ်ကွက်တွေ၊ ဥပုသ်ချောင်းရဲ့ မြောက်ပိုင်းကျမယ်ပေါ့နော်၊ ပြီးတော့ ဆေးရုံကြီးအရှေ့ဘက် မင်္ဂလာဥယျာဥ်ရပ်ကွက်တွေ ရေစဝင်တာဗျ”ဟု ကလေးမြို့ဒေသခံက MPA သို့ ပြောသည်။
အဆိုပါ ရေကြီးရေလျှံမှုကြောင့် ဥပုသ်ချောင်းဘေးနှင့် မြေနိမ့်ပိုင်းရှိ ပြည်သူများအနေဖြင့် အမြင့်ပိုင်းတွင်ရှိသည့် ဘေးလွတ်ရာ ဘုန်းကြီးကျောင်းများ၊ ခန်းမများသို့ ရွှေ့ပြောင်းနေထိုင်နေကြရသည်ဟု သိရသည်။
“ထိခိုက်ပျက်စီးမှုတွေကတော့ ရေစီးကြောင်းကြောင့်မို့ အုတ်တံတိုင်းတွေ ပျက်စီးတယ်။ ပြီးတော့ ချောင်းဘေးနားက လူနေအိမ်တွေ အဓိကအားဖြင့် ပျက်စီးတယ်။ ချောင်းတံတားတွေ ရေကျော်ပြီး မျောပါသွားတာရှိတယ်။ မိုးကလည်း မနေ့ညကနေ တစ်ညလုံးရွာတဲ့အတွက်ကြောင့်မို့ တချို့အိမ်တွေဆိုလို့ရှိရင် အိမ်မွေးတိရစ္ဆာန်တွေ ထိခိုက်ပျက်စီး၊ ဆုံးရှုံးရတာတွေ ရှိတယ်ပေါ့နော်။ လက်ရှိကတော့ လူသေဆုံးမှု၊ ထိခိုက်မှုကတော့ မကြားရသေးဘူးဗျ”ဟု ဒေသခံက ဆက်ပြောသည်။
ကလေးမြို့တွင် ၂၀၁၅ ခုနှစ်က တစ်မြို့နယ်လုံးနီးပါး ရေလျှံမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ယခုရေကြီးရေလျှံမှုသည် ပထမဆုံးအကြိမ် ပြန်လည် ဖြစ်ပွားခြင်းဖြစ်သည်ဟု ဒေသခံများထံက စုံစမ်းသိရှိရသည်။