စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အနုကြမ်းစီးသူအား ပြန်လည်ခုခံသည့် အမျိုးသမီးတစ်ဦး ဓားထိုးခံရပြီး ဆေးရုံတက်နေရကြောင်း ဒေသခံသတင်းရင်းမြစ်ထံမှ စုံစမ်းသိရှိရသည်။
ယမန်နေ့ (သြဂုတ် ၂၄ ရက်) ည ၁၀ နာရီခန့်တွင် ကလေးမြို့၊ တောင်ဖီလာရပ်ကွက်၊ အ.ထ.က (၂) ဘောလုံးကွင်းအနီးမှ အိမ်တစ်အိမ်သို့ အမျိုးသားတစ်ဦးက ဝင်ရောက်ပြီး အနုကြမ်းစီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်က ဆိုသည်။
“ မနေ့က ည ၁၀ နာရီလောက်မှာ အိမ်နောက်ဖေးကနေ ဝင်လာတာတွေ့လို့ ပြန်ပြီးခုခံတာ။ အနုကြမ်းစီးတဲ့သူရဲ့ လက်ထဲ မှာလည်း ဓားပါလာတယ်။ အဲ့ဒါနဲ့ လုံးကြရင်း သူကလည်း အနုကြမ်းစီးသူရဲ့ လက်မောင်းကို ကိုက်ထားတာ။ မလွှတ်တော့ဘူး။ အနုကြမ်းစီးသူကလည်း မအော်ရဲဘူး။ အဲ့ဒါနဲ့ အနုကြမ်းစီးသူက ကျောကို ဓားနဲ့ထိုးပြီး ထွက်ပြေးသွားတာလို့ သိရတယ်။ ပစ္စည်းတွေတော့ ဘာမှပါမသွားဘူး” ဟု ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သိရှိသူ အိမ်နီးချင်းတစ်ဦးက MPA သို့ ပြောသည်။
အိမ်ရှင်အမျိုးသမီး၏ ကျောတွင် ဓားထိုးသွင်းဒဏ်ရာနှင့် နားရွက်အောက်ဘက်တွင်လည်း ဓား ပြတ်ရှဒဏ်ရာများရရှိခဲ့ပြီး၊ ကလေးမြို့ရှိ ဝယ်စလီဆေးရုံသို့ ပို့ဆောင်ခဲ့ကာ အသက်အန္တရာယ် မစိုးရိမ်ရတော့ကြောင်း သိရသည်။
“ အခု ကလေးမြို့အခြေအနေကတော့ အတော်ဆိုးနေပြီ။ ညနေ ၆ နာရီလောက်ဆို လူရှင်းနေပြီ။ လုယက်တာတွေကလည်း နေရာအနှံ့ကို ဖြစ်နေတာ။ အနုကြမ်းစီးတာတွေ၊ ဓားပြတိုက်တာတွေလည်း မနည်းတော့ဘူး။ နေဝင်ရင်ကို အိမ်တံခါးတွေ သေချာပိတ်ပြီး နေကြရတော့တာ” ဟု ကလေးမြို့ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် ကလေးမြို့ပေါ်တွင် ပျူစောထီးများအား လက်နက်များနှင့်အတူ လွှတ်ထားပြီးနောက် ယခုရက်ပိုင်းအတွင်း လုယက်၊ ဓားပြတိုက်မှုများစွာ ဖြစ်ပွားလျက်ရှိသည်ဟု စုံစမ်းသိရှိရသည်။
ထိုကဲ့သို့ စစ်ကောင်စီမှ ကလေးမြို့နယ်အတွင်း ပျူစောထီးများအား လက်နက်များ တပ်ဆင်ပေးပြီးနောက်ပိုင်း ယခုလအတွင်း မြို့ပေါ်နှင့် ကျေးရွာများတွင် အနုကြမ်းစီးသည့် ဖြစ်စဉ်နှင့် ဓားပြတိုက်ခိုက်ခံရသည့် ဖြစ်စဉ် ခြောက်ကြိမ်ထက်မနည်း ရှိပြီဖြစ်ကြောင်းလည်း သိရသည်။