စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် ခရီးသွားပြည်သူများထံ ဆက်ကြေးကောက်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကြဲခဲ့ရာ ၅ဦးသေဆုံးကြောင်း မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံကသိရသည်။
ဩဂုတ် ၁၆ရက်၊မွန်းလွဲ ၃နာရီခန့်က မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပကျေးရွာကြားရှိ ရေဦးဆီဆိုင်ဟောင်းအနီးတွင် မုံရွာ-မန္တလေးကားလမ်းပေါ် ဖြတ်သန်းသွားလာနေသော ကားများကို တားကာ ပြည်သူများထံမှ ဆက်ကြေးကောက်ခြင်းဖြစ်သည်။
ဆက်ကြေးကောက်နေသောစစ်သား အင်အားမှာ ၆၀ဝန်ကျင်ရှိပြီး ဩဂုတ်၁၆ရက်၌ ဒရုန်းဖြင့် ဗုံးသီး ၄လုံးကြချခဲ့ကာ ဩဂုတ် ၁၅ရက်နေ့က ဗုံးသီး ၃လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။
“ မုံရွာကနေ စစ်ကိုင်းကိုသွားမဲ့ ယာဉ်တန်းကို ကင်းစောင့်ရင်း ဆက်ကြေးကောက်နေတာ။ သူတို့က စစ်ကိုင်း တပ်မ-၃၃က စစ်သားတွေ။ ဖြတ်သန်းသွားလာနေတဲ့ ပြည်သူတွေတော့ရှိတယ်။ သူတို့ရှိရင်မပစ်ပါဘူး။ ကင်းရှင်းမှသာပစ်တာ။ သေဆုံးတဲ့ ၅ယောက်က ၁၅ရက်နေ့နဲ့ ၁၆ရက်နေ့နဲ့ နှစ်ရက်ပေါင်းစာဗျ” ဟု မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် စစ်သားများက ၄၀(မမ)နှင့် လက်နက်ငယ်တို့ဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း PDF ရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
သေဆုံးသွားသော စစ်သားများကို မြင်းမူမြို့သို့သယ်ဆောင်သွားပြီး ဆက်လက်ဆက်ကြေးကောက်ခံခြင်းမရှိတော့ကြောင်း ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုကို မြောင်မြို့နယ် T.G.R ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ T.G.R Women Drone Force၊ Black Eagle Drone Forceနှင့် ကျောက်ဆည်ခရိုင်တပ်ရင်း -၂တို့ ပူးပေါင်းဆင်နွှဲ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်သားများသေဆုံး၊ ဒဏ်ရာရမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။