စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းသို့ စစ်ကောင်စီမှ စစ်ကြောင်းထိုးနေပြီး ဓာတုလက်နက်ဟုယူဆရသော လက်နက်များ အသုံးပြုလာသည်ဟု သိရသည်။
စစ်ကောင်စီသည် သြဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်း ကတည်းက ကလေးတောင်ပိုင်းသို့ အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေပြီး လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများပေးနေရာ အဆိုပါပစ်ကူများထဲတွင် ဓာတုလက်နက်ဟု ယူဆရသော လက်နက်များ ပါလာခြင်းဖြစ်သည်ဟု ဆိုသည်။
“၁၄ ရက်နေ့ ညနေပိုင်းမှာ အဖွဲ့စက်ဂိတ်ကို ကားသုံးစီး အင်အားအများအပြားနဲ့ ရောက်တယ်။ နောက်နေ့ ၁၅ ရက်နေ့မနက်ပိုင်းမှာ စစ်ကြောင်းထိုးတာ။ စစ်သားနဲ့ ပျူစုပေါင်းအင်အား ၂၀၀ လောက်ရှိမယ်။ Mi35 နဲ့ မနက်ပိုင်းမှာ ပစ်ကူပေးနေတာ။ မြို့ထဲကနေ လက်နက်ကြီးလည်း ပစ်ကူပေးတယ်။ သာစည်ရွာအနောက်ဘက်နဲ့ ချင်းဆိုင်၊ ရေလဲဦးဘက်တွေကျတယ်”ဟု ကလေးတောင်ပိုင်း ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
ယင်းနောက် ညနေပိုင်းနှင့် ညပိုင်းတွင် ကလေးမြို့အမြောက်တပ်၊ ဒကစနှင့် အဖွဲ့စက်ဂိတ်များက ကလေးမြို့တောင်ပိုင်းသို့ လက်နက်ကြီး ဆက်လက်ပစ်ခတ်ခဲ့ပြီး ယင်းပစ်ခတ်မှုထဲတွင် ဓာတုလက်နက်ဟု ယူဆရသော လက်နက်များ ပါရှိလာခြင်းဖြစ်သည်ဟု ဆိုသည်။
“လက်ရှိအနေအထားက အောက်ဆီဂျင်ထက်ပေါ့တဲ့ ဓာတုပစ္စည်း အသုံးပြုတာဖြစ်ဖို့ များတယ်။ အနီးအနားပြည်သူအချို့ အသက်ရှူတာနဲ့ ချက်ချင်းမေ့တဲ့ လက္ခဏာ ရှိနေတယ်ဗျ။ ၁၂၀ မမထဲကို ဓာတုလက်နက် သုံးတဲ့အနေအထားပါ။ မီးရှို့တဲ့နေရာမှာလည်း အမြန်လောင်အောင်
သံသယရှိဖွယ်ပစ္စည်းတွေ အသုံးပြုတာတွေလည်းရှိတယ်ဗျ”ဟု ကလေးတောင်ပိုင်းဒေသခံက ဆက်ပြောသည်။
အဆိုပါ ဓာတုလက်နက်ဟု ယူဆရသော လက်နက်ကြီးပေါက်ကွဲရာတွင် မည်းညစ်ညစ်မီးခိုးများထွက်ရှိလာပြီး အနံ့သည်စိမ်းရွှင်ရွှင်ဖြစ်ကြောင်း၊ ယင်းအငွေ့ရှူရှိုက်မိသူများသည် လည်ချောင်းစပ်ရှရှဖြစ်ခြင်း၊ အပူချိန်တက်၍ သွေးပေါင်ကျခြင်း၊ လက်ထိပ်ခြေထိပ်များကျင်၍ ခန္ဓာကိုယ်နုံးချိခြင်းနှင့် အသက်ရှူမဝကာ သတိလစ်မေ့မျောခြင်း လက္ခဏာများရှိသည်ဟု ကလေးတောင်ပိုင်းတိုက်ပွဲများအတွင်း ဆေးကုသမှုပေးလျက်ရှိသည့် Mobile Medical Team West Division အဖွဲ့မှ ဆရာမဒေါ်ရတီအုန်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
စစ်ကောင်စီသည် ကလေးတောင်ပိုင်းသို့ အကြိမ်ကြိမ် စစ်ကြောင်းထိုးနေသော်လည်း ယခင်က ဤကဲ့သို့ လက်နက်များအသုံးပြုခြင်းကို မတွေ့ရှိရကြောင်းနှင့် ယခု အဆိုပါ ပုံစံ လက်နက်ကြီး ၄ လုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကာ ပြည်သူ ၂၀ ခန့် ဆေးဝါးကုသမှု ခံယူခဲ့ရသည်ဟု ဆိုသည်။
အထိအခိုက်များကိုမူ MPA အနေဖြင့် အသေးစိတ် စုံစမ်း၍ မရသေးသော်လည်း စစ်ကောင်စီသည် ဩဂုတ် ၁၅ ရက်နေ့နံနက်ပိုင်း၌ ကလေးတောင်ပိုင်းရှိ သာစည်ရွာအား မီးရှို့ဖျက်ဆီးခဲ့သည်ဟု စုံစမ်းသိရှိရသည်။