ကယား(ကရင်နီ)ပြည်နယ်၊လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်က ည၉နာရီကျော်အပြင်ထွက်သူများကို အစစ်အဆေးမရှိ ပစ်မိန့်ပေးထားကြောင်း သိရသည်။
ဩဂုတ်လ ၁၆ရက်နေ့၊ည ၉နာရီမှ စတင်ကာ လွိုင်ကော်မြို့တွင်း ဖြတ်သန်းသွားလာသူများကို စစ်ကောင်စီတပ်က စစ်ဆေးမေးမြန်းခြင်းတစ်စုံတစ်ရာမပြုဘဲ ပစ်မိန့်ပေးထားခြင်းဖြစ်ကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
“ အခုက ကရင်နီကို စစ်အုပ်စုဒုခေါင်းဆောင် စိုးဝင်းရောက်နေတယ်ပေါ့။ဒီအမိန့်ကလည်း သူ့ဆီကတစ်ဆင့်လာတယ်ထင်တယ်။အခု လွိုင်ကော်ကို ညမထွက်ရအမိန့်နဲ့ ပစ်မိန့်စတင်တာပေါ့။၅၄တပ်ထဲကို အမိန့်စာရောက်တာတော့ ၂ရက်လောက်ရှိပြီ။အခုမှစတာပေါ့” ဟု ၎င်းက ပြောသည်။
ကယား(ကရင်နီ)ပြည်နယ်အတွင်း ညမထွက်ရအမိန့်ကို ၂၀၂၂ခုနှစ်ကတည်းက ကျင့်သုံးခဲ့သော်လည်း ယာယီပယ်ဖျက်ထားကြောင်း လွိုင်ကော်မြို့တွင်း နေသူတစ်ဦးက ပြောသည်။
“ လွိုင်ကော်မှာက ဇူလိုင်လအတွင်းမှာ လေယာဉ်နဲ့ဗုံးကြဲတာတွေ၊ရှောင်တခင်ဧည့်စာရင်းဝင်စစ်တာတွေရှိတယ်။ဒါပေမယ့် အခုလိုပစ်ခွင့်ပေးတာက ရှားတယ်ပေါ့။အခုကျ ပစ်ခွင့်ပေးလိုက်ပြီဆိုတော့ ဘယ်သူမှ မထွက်ရဲကြတော့ဘူး” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် လွိုင်ကော်မြို့ကို ကယား(ကရင်နီ)ပြည်နယ်၏ နောက်ဆုံးခြေကုပ်စခန်းအဖြစ် စစ်ကောင်စီတပ်က သတ်မှတ်ကာ စစ်ရေးပြင်ဆင်မှုများနှင့် မြို့တွင်းကင်းပုန်းချကာ လုံခြုံရေးမြှင့်တင်မှုများဆက်တိုက် ပြုလုပ်လျက်ရှိသည်။