By MPA
မိုးကုတ်မြို့တွင် စစ်ကောင်စီက ၂ပတ်ကျော် အကြာဖမ်းဆီးထားသော အသက်အငယ်ဆုံး ၄နှစ်အရွယ် ဖမ်းဆီးခံရသူ သမီးလေး စုထက်ဝိုင်း ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ကြောင်း ၄င်းကလေး၏ ဖခင်ဖြစ်သူ ကိုစိုးဌေးက သူ၏ facebookစာမျက်နှာမှာ ရေးသားထားသည်။
“ သမီးငယ် စုထက်ဝိုင်း မနေ့က ဖမ်းဆီးခံထားရခြင်းမှပြန် လွတ်လာပါတယ်။သမီးကြီးနဲ့ သူ့အမေကိုတော့ ဖမ်းဆီးထားဆဲပါ” ဟု ကိုစိုးဌေးက ရေးသားထားသည်။
၄င်း သမီးငယ်လေးသည် ဖမ်းဆီးခံထားရသည့် ကာလအတွင်း ထမင်းဝအောင် မစားရကြောင်း၊ ရေချိုးလျှင် အိမ်သာရေဖြင့်သာချိုးရကြောင်း နှင့် ဖခင်ဖြစ်သူမှ ၄င်း၏သမီးလေးအား ပြန် လည်လွတ်မြောက်စေရန် ကူညီခဲ့သူများကို ကျေးဇူးတင်ကြောင်းလည်း ရေးသားထားသည်။
မိုးကုတ်မြို့ဆန္ဒပြပွဲများဦးဆောင်သူဖခင်အား လာရောက်ဖမ်းဆီးရာမတွေ့သဖြင့် ယင်းသမီးငယ်နှင့်အတူ မိခင်ဖြစ်သူ အစ်မဖြစ်သူတို့အား စစ်ကောင်စီမှ ဖမ်းဆီးသွားခဲ့ပြီး ၄င်း၏ မိခင်နှင့် အစ်မအား ဆက်လက်ဖမ်းဆီးထားဆဲဖြစ် ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုအား သပိတ်မှောက်ဆန္ဒပြသူများကို စစ်ကောင်စီမှ ဖမ်းဆီးထားသူ ၆၀၀၀ ကျော်ရှိပြီး ဇွန်လ ၃၀ရက် မနေ့ညနေပိုင်း တွင် မြန်မာနိုင်ငံရှိအကျဥ်းထောင် အသီးသီးမှ ၂၂၉၆ ဦးအား ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။
#၄နှစ်သမီး #ပြန်လည်လွတ်မြောက် #မိုးကုတ် #MPA