ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ ချန်းဖုတွင် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်တစ်ဆိုင်အား ထိုင်းအာဏာပိုင်များမှ ဝင်ရောက်ဖမ်းဆီးခဲ့ကာ ဆိုင်ပိုင်ရှင်အပါအဝင် မြန်မာနိုင်ငံသား ၁၁ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှ ဇူလိုင်လ ၇ ရက်နေ့က ထုတ်ပြန်ထားသည်။
ချင်းမိုင်မြို့၊ ချန်းဖုတွင် တရားမဝင်နည်းလမ်းဖြင့် စားသောက်ဆိုင်ဖွင့်လှစ် ရောင်းချနေသည်ဟုဆိုကာ ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ရဲတပ်ဖွဲ့ဝင်းများမှ ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဆိုင်ပိုင်ရှင် ၁ ဦးနှင့် ယင်းဆိုင်တွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၁၀ ဦးတို့ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
“ဒီမှာက ထိုင်းနိုင်ငံသားတွေ လုပ်လို့ရတဲ့အလုပ်နဲ့ တခြားနိုင်ငံသားတွေလုပ်လို့ ရတဲ့ အလုပ်ဆိုပြီး ခွဲခြားထားတာပေါ့။ ပြီးတော့ စားသောက်ဆိုင်တို့ ဘာတို့ဆိုတာကလည်း ဖွင့်မယ်ဆိုရင် သက်ဆိုင်ရာဌာနတွေရဲ့ ခွင့်ပြုချက်တွေနဲ့ပဲ ဖွင့်လို့ရတာပေါ့။ ဆိုင်တွေ ဖွင့်မယ်ဆိုရင် ဘတ်ရှိရမယ်။ ဆယ်နှစ်ခံရှိတဲ့သူတွေပဲ ရမယ်။ ပြီးတော့ သူဌေးရဲ့ ထောက်ခံချက်တွေလည်း လိုတယ်။ တရားမဝင်ဆိုရင်တော့ တစ်ချိန်မဟုတ် တစ်ချိန်တော့ အဖမ်းခံရနိုင်တာပဲ။ ဒီမှာက မြန်မာတွေဆို သိပ်မကြိုက်ကြဘူး။ ပန်းရံလောက်ပဲ လုပ်စေချင်ကြတာလေ”ဟု ထိုင်းနိုင်ငံတွင် နေထိုင်နေသည်မှာ ၁၂ နှစ်နီးပါးနေထိုင်ကာ ဈေးဆိုင်ဖွင့်လှစ်ထားသူ မြန်မာနိုင်ငံသားတစ်ဦးက MPA သို့ ပြောသည်။
တရားမဝင် စားသောက်ဆိုင်ဖွင့်လှစ်ထားသော ဆိုင်ပိုင်ရှင်အား နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်ခွင့်မရှိသည့် အလုပ်လုပ်ကိုင်မှု၊ အလုပ်သမားများအား တရားမဝင်အလုပ်ခန့်အပ်ထားမှုတို့ဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် ဖမ်းဆီးရမိသော မြန်မာအလုပ်သမား ၁၀ ဦးကိုလည်း တရားမဝင် အလုပ်လုပ်ကိုင်ခြင်းတို့ဖြင့် တရားစွဲဆို အရေးယူသွားမည်ဖြစ်ကာ ယင်းအလုပ်သမားများသည် ၁လလျှင် ထိုင်းဘတ်ငွေ ၈,၀၀၀ ဖြင့် အလုပ်လုပ်ကိုင်နေသည်မှာ ၁ နှစ်ကျော်နေပြီဖြစ်ကြောင်း သိရသည်။
“အခုကလေ ချင်းမိုင်မှာလည်း အဖမ်းအဆီးတွေက ရှိနေတယ်။ နိုင်ငံရေးအပြောင်းအလဲကြောင့်ပဲလား။ ဒါမှမဟုတ် မြန်မာနိုင်ငံသားတွေက များလာပြီး ဒီလိုဆိုင်တွေ ဖွင့်ကြတာကို တိုင်လို့ပဲလား။ ဘာ့ကြောင့်လဲဆိုတာတော့ မသိပေမယ့် အဖမ်းအဆီးတွေနဲ့ အစစ်အဆေးတွေတော့ ရှိနေတယ်။ အခုဆိုင်ကလည်း အတိုင်ခံရလို့ ဝင်စစ်ရင်းနဲ့ အဖမ်းခံရတယ်လို့တော့ ကြားတယ်။ နောက်ထပ်နေရာတွေကိုလည်း စီမံချက်သဘောနဲ့ ဖမ်းမယ်လို့လည်း ကြားထားတယ်”ဟု ချင်းမိုင်တွင် ရောက်ရှိနေထိုင်သော မြန်မာနိုင်ငံသားတစ်ဦးက ပြောသည်။
ထိုင်းနိုင်ငံတွင် ၎င်းတို့နိုင်ငံသားများ လုပ်ကိုင်ခွင့်ရှိသည့် အလုပ်များအား နိုင်ငံခြားသား ဝင်ရောက် လုပ်ကိုင်ခြင်းများအား တားဆီးမှုအဖြစ် စားသောက်ဆိုင်များအား ဝင်ရောက်စစ်ဆေးခြင်းအပြင် နိုင်ငံအတွင်း တရားမဝင် ဝင်လာသူများအား ကြပ်မတ်တားဆီးရန်အတွက် စစ်ဆေးမှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနက အသိပေးထားသည်။