ရခိုင်ပြည်နယ်တွင် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူ ၁၆၄ ဦးအထိ ရှိကြောင်း MOCHA ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် အာရက္ခအရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ (ERRCA) မှ ယမန်နေ့ ဇွန်လ ၁၄ ရက်နေ့က ထုတ်ပြန်ထားသည်။
စစ်တွေ၊ ရသေ့တောင်၊ ပေါက်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်တို့တွင် သေဆုံးမှုဖြစ်ပွားခဲ့ကာ စစ်တွေမြို့သည် သေဆုံးသူ ၁၀၃ ဦးရှိကာ လူသေဆုံးမှု အများဆုံး မြို့နယ်ဖြစ်သည်။
“ဒီမှာက မုန်တိုင်းမတိုင်ခင် အချိန်မီ မပြောင်းရွှေ့နိုင်တဲ့ ရိုဟင်ဂျာတွေ သေတာများတယ်။ သူတို့က လွတ်လွတ်လပ်လပ် သွားလာခွင့်မရကြတော့ ၁၄ ရက်နေ့ မတိုင်ခင်ကို ပြောင်းရွှေ့လို့ မရလိုက်ကြတာပေါ့။ ဒေသခံ တစ်ချို့လည်း သေဆုံးတာရှိပါတယ်။ ကျွန်တော်တို့လည်း မြေပြင်မှာ ရသလောက်တော့ စာရင်းတွေကောက်တယ်။ ရတဲ့စာရင်းတွေမှာလည်း ရိုဟင်ဂျာက များတယ်”ဟု စစ်တွေတွင် ပရဟိတ လုပ်ဆောင်နေသူ တစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်တွင် အိမ်ပျက်စီးသွားသူများနှင့် ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိုးအိမ်စွန့်ခွာဖြစ်သွားသည့် မုန်တိုင်းသင့် ပြည်သူများအတွက် နောက်ထပ် ဘေးအန္တရာယ်များ ကျရောက်ခြင်းမှ ကာကွယ်နိုင်ရန် တာပေါ်လင်၊ ယာယီခိုလှုံရန်နေရာ၊ တဲနှင့် အရေးပေါ် အသင့်သုံးနေအိမ်များလည်း အရေးတကြီး လိုအပ်နေကြောင်း သိရသည်။
“အခုက အရေးတကြီးလိုနေတာ အိမ်အမိုးမိုးနိုင်ဖို့ပါ။ တချို့တွေက အိမ်လုံးကျွတ်ပါသွားတော့ ပြန်တောင် မဆောက်နိုင်သေးဘူး။ တချို့ တက်နိုင်သူတွေကတော့ သွပ်တွေ၊ သံတွေဝယ်ပြီး ဆောက်ကြပေမယ့် တချို့ မရှိတဲ့ သူတွေက ဝါးနဲ့ ဓနိတောင် မဝယ်နိုင်ကြဘူး။ အခုထိလည်း ဒေသခံတွေက အကူအညီတွေ လိုအပ်နေတုန်းပဲ။ သွားရေးလာရေးကလည်း တံတားတွေ ကျိုးထားတော့ ဘယ်လိုမှ မလွယ်ဘူး။ ရေလမ်းကနေတော့ သွားလို့ရပေမယ့် မတွင်ကျယ်ဘူးပေါ့”ဟု ၎င်း ပရဟိတ လုပ်ဆောင်နေသူက ဆက်ပြောသည်။
မုန်တိုင်းဒဏ်သင့်သည် ရခိုင်ဒေသခံ ပြည်သူများအနေဖြင့် ဆန်၊ အသင့်စားသုံးနိုင်သည့် ရိက္ခာများနှင့် အာဟာရဖြည့်အစားအစားများ စသည့် စားနပ်ရိက္ခာများလည်း လိုအပ်နေကြောင်း သိရသည်။
ထို့အပြင် မုန်တိုင်းကြောင့် ရေအရင်းအမြစ်များဖြစ်သည့် ရေတွင်း၊ ရေကန်များအတွင်း ဆားငန်ရေနှင့် အမှိုက်များ ဝင်ရောက်ပြီး မိလ္လာ၊ ရေဆိုးစနစ်များလည်း ပျက်စီးသွားသဖြင့် သန့်ရှင်းသည့် သောက်သုံးရေ ရရှိရန် အရေးတကြီးလိုအပ်နေကြောင်း သိရသည်။
“ရေတွေ မသန့်တော့ ဗိုက်မကောင်းတွေဖြစ်ပြီး ဝမ်းပျက်ဝမ်းလျောဖြစ်မှာတော့ ကြောက်တယ်။ တချို့နေရာတွေမှာ ဝမ်းရောဂါတွေ ဖြစ်တယ်လို့တော့ ကြားပေမယ့် ဒီမှာတော့ မရှိသေးဘူး။ ဒီမှာက ရေကန်က ဆားငန်တွေနဲ့ အမှိုက်တွေ ဝင်တာမျိုးမရှိတော့ သုံးလို့ရတယ်။ သောက်ရေကတော့ ကယ်ဆယ်ရေးတွေ လှူတဲ့ဟာနဲ့ ကန်ရေကို ကျိုသောက်တာပေါ့”ဟု မြောက်ဦးမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိချိန်တွင် ရခိုင်ပြည်နယ်အတွင်း ဒေသခံများအတွက် ကျန်းမရေးစောင့်ရှောက်ရန်အတွက် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဝါးကုသမှုနှင့် ဆေးဝါးများ လိုအပ်နေကာ တစ်ကိုယ်ရည်သန့်ရှင်းရေးဆိုင်ရာ အထောက်အပံ့များလည်း လိုအပ်နေကြောင်း သိရသည်။
ထို့အပြင် အဝတ်အထည်၊ စောင်၊ ဖျာ၊ ခြင်ထောင်နှင့် မီးဖိုချောင်သုံးပစ္စည်းများလည်း လိုအပ်နေကာ မီး ရရှိရန်အတွက် ဆိုလာ၊ ဘက်ထရီနှင့် မီးသီးများလိုအပ်နေသလို စီးပွားရေးပြန်လည် ထူထောင်ရန်အတွက် မျိုးစေ့များနှင့် ငွေကြေးအထောက်အပံ့များလည်း လိုအပ်နေကြောင်းသိရသည်။