By MPA CJ 020
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ် ကျိုက်ဇကောထောင်တွင် ဗကသ ရဲဘော်တစ်ဦး အပါအဝင် နိုင်ငံရေးအကျဥ်းသား ၃ ဦးကို မေလ ၂၅ ရက်နေ့က ထောင်ထဲမှ ဆွဲထုတ်သွားပြီးနောက် နိုင်ကျဥ်း ၁ ဦးကွယ်လွန်ပြီး ကျန် ၃ ဦးအခြေနေလည်း လက်ရှိတွင် အဆက်သွယ်ပြတ်တောက်နေကြောင်း စုံစမ်းသိရှိရသည်။
ဗကသရဲဘော် ကိုခန့်လင်းနိုင်အပါအဝင် အခြားနိုင်ငံရေးအကျဥ်းသား ၃ ဦးကို ထောင်ထဲမှ ဆွဲထုတ်ခံရပြီးနောက် ထိုထဲမှ နိုင်ငံရေးအကျဥ်းသား ကိုသန့်ဇင်ဝင်းကျဆုံးသွားသည်ဟု မေလ ၂၆ ရက်နေ့တွင် ခိုင်လုံသည့် သတင်းရင်းမြစ်မှ သိရကြောင်း ဗကသရဲဘော်တစ်ဦးက ပြောသည်။
“ လက်ရှိအခြေနေမှာ သူတို့ထုတ်သွားတဲ့ အထဲက တစ်ယောက်ကျသွားတယ်လို့ သိရတယ်။ ကိုသန့်ဇင်ဦး ကျသွားတယ်လို့ သိရတယ်။ သူနဲ့အတူ ခေါ်ထုတ်ခံရတဲ့သုံးယောက်က သတင်းအစအန ပျောက်နေတယ်။ သတင်းမရဘူး။ ဘာမှအချက်လက်စုံစမ်းလို့မရဘူး” ဟု ၎င်းက ပြောသည်။
ပဲခူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ လေ့ကျင့်စုဆောင်းရေးတာဝန်ခံ ကိုသန့်ဇင်ဝင်းကျဆုံးခြင်းနှင့် ပတ်သက်ပြီး မိသားစုထံသို့ တစ်စုံတစ်ရာအကြောင်းကြားခြင်း မရှိသည့်အပြင် ထောင်အာဏာပိုင်များထံတွင် စုံစမ်းမေးမြန်းရာ တိကျသည့်အဖြေမပေးဘဲ ငြင်းဆိုခဲ့သည်ဟု ပဲခူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ကိုသန့်ဇင်ဝင်းကို စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ်ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ဖမ်းဆီးခဲ့သလို ပုဒ်မ ၅၀၅၊ ၅၁၊ ၅၂၊ ၅၄ အပါအဝင် ထောင်ဒဏ်နှစ်ပေါင်း (၈၀) ကျော် ချမှတ်ခဲ့ပြီး ကျန်အမှုများကိုလည်း ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်သည်ဟု သိရသည်။
ကိုသန့်ဇင်ဦးနှင့်အတူ ထောင်ထဲမှ ခေါ်ထုတ်ခြင်းခံရသည့် အခြားသော နိုင်ကျဥ်း ၃ ဦးနှင့်ပတ်သက်ပြီး သတင်းအဆက်သွယ်ပြတ်တောက်နေသည့်အတွက် စိုးရိမ်ရသည့်အခြေနေရှိသည်ဟုလည်း ဗကသရဲဘော်တစ်ဦးက ပြောသည်။