By MPA CJ 015
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်းကုန်းကျေးရွာအတွင်းသို့ စစ်ကောင်စီ၏ ကော့ကရိတ်မြို့အခြေစိုက် ခလရ (၉၇) အမြောက်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာနေပြည်သူများ၏ နေအိမ်များနှင့် အိမ်စီးကားတစ်စီး ထိခိုက်ပျက်စီးခဲ့ကြောင်း MPA ၏ သတင်းရင်းမြစ်ထံမှ စုံစမ်းသိရှိရသည်။
၂၀၂၃ ခုနှစ်၊ မေလ၊ ၂၇ ရက်နေ့၊ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်ခန့််၌ စစ်ကောင်စီ၏ ခလရ (၉၇) အမြောက်တပ်မှ အင်းကုန်းကျေးရွာအတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၈၁ မမ နှင့် ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
လက်နက်ကြီးတစ်လုံးသည် ကြာအင်းကုန်းကျေးရွာ လယ်ကွင်းထဲသို့ ကျရောက်ပေါက်ကွဲပြီး ၃ မိနစ်ခန့်အကြာတွင် နောက်ထပ်လက်နက်ကြီး တစ်လုံးမှာ ကြာအင်းကုန်းကျေးရွာနေ ဦးစောသိန်း (၆၂) နှစ်၏ နေအိမ်သို့ တည့်တည့်ထိမှန် ကျရောက်ပေါက်ကွဲကာ တစ်အိမ်လုံး ကြေမွပျက်စီးခဲ့သည်ဟု သိရှိရသည်။
ထို့အပြင် ၎င်းရပ်ထားသော အိမ်စီးကား တစ်စီးလည်း လက်နက်ကြီးကျည်စ ထိမှန် ပျက်စီးခဲ့သည်ဟု သိရသည်။
ယင်းအခြေအနေနှင့်စပ်လျဉ်း၍ ကျေးရွာအတွင်းတွင် လူနေထိုင်မှု ရှိ၊ မရှိ မေးမြန်းရာ ” အခုရှောင်နေရတယ်။ အရင်က နေ့ဘက်အိမ်မှာနေပြီး ညဘက်ရှောင်အိပ်ကြတယ်။ အိမ်တိုင်းရဲ့ အိမ်အောက်မှာ ဗုံးခိုကျင်းကိုယ်စီတူးထားကြတယ် “ ဟု နယ်မြေခံ သတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။
ထို့အပြင် ၂၀၂၃ ခုနှစ်၊ မေလ၊ ၂၅ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီ ၂၇ မိနစ်မှ မွန်းလွဲ ၁၂ နာရီ ၃၃ မိနစ်အချိန်ကလည်း စစ်ကောင်စီ၏ (စကခ) ၁၂ လက်အောက်ခံ တပ်ရင်း (၂၃၁) လက်နက်ကြီးတပ်သစ် အမြောက်ကုန်းမှ ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျုံဒိုးမြို့နယ်၊ သလွဲထော်ကျေးရွာအတွင်း လက်နက်ကြီး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး နော်မူးလာအဲ (၂၅) နှစ်၏ တိုက်ပုအိမ်တစ်လုံးသည် မှန်ပြင်တင်းပေါက်၊ အိမ်နံရံနှင့် ခေါင်မိုးများ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
“ အခု စကစက ရမ်းသမ်းပစ်နေတော့ အနီးအနားလုံခြုံတဲ့နေရာ လုံခြုံတဲ့ရွာတွေမှာ အခြေနေအရ တိမ်းရှောင်နေရတယ်။ လောလောဆယ် အဓိက အစားအသောက်နဲ့ ကျန်းမာရေးဆိုင်ရာ ဆေးဝါးကုသမှုပေါ့ ” ဟု MPA ၏ သတင်းရင်းမြစ်က စစ်ဘေးရှောင် အခြေအနေနှင့် ပတ်သက်၍ ပြောပြသည်။
လက်ရှိတွင် နယ်မြေခံ ပြည်သူများအနေဖြင့် နေ့စဥ်စားဝတ်နေရေးအတွက် ဥယျာဥ်ခြံမြေသို့ သွားရောက်လုပ်ကိုင်စားသောက်ခြင်း၊ လယ်ယာမြေများသို့ သွားရောက် ထွန်ခြစ်စိုက်ပျိုးခြင်းများ မပြုနိုင်တော့ဘဲ စိုးရိမ်ထိတ်လန့်မှုများနှင့် ရှင်သန်နေကြရသည်ဟုလည်း စုံစမ်းသိရှိရသည်။