By MPA CJ 008
ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိ ခလရ ၂၇၄၊ မင်းတပ်ရဲစခန်းနှင့် ကန်ပက်လက်လမ်းခွဲရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် စသည့် နေရာ ၃ ခုအား ရှော့တိုက်ဒုံး အလုံး ၃၀ ဖြင့် မေလ ၂၅ ရက်နေ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chin Defence Force (Mindat) က ယနေ့တွင် သတင်းထုတ်ပြန်သည်။
စစ်ကောင်စီသည် မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်လျက်ရှိရာ ပြည်သူများ၏ အသက်အိုးအိမ်များ ပျက်စီးဆုံးရှုံးမှု များပြားလာသည့်အတွက် ယခုလို လက်တုန့်ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“၂၅ ရက်နေ့ နေ့ခင်းအချိန်တိုက်ခိုက်ခဲ့တာ။ ရဲစခန်းက မြို့လယ်မှာ။ ကန်ပက်လက်လမ်းခွဲဂိတ်က မြို့အနောက်ဘက်ပိုင်းမှာ။ နီးတယ်လို့တော့ မဟုတ်ဘူး။ စခ (စစ်ကောင်စီ) ဘက် ထိခိုက်မှုရှိမယ်။ အတိအကျ မသိရသေးဘူး”ဟု CDF (Mindat) မှ ဆလိုင်းမင်းတပ် (ပြန်ကြားရေးနှင့် သတင်းမှတ်တမ်းဌာန) က MPA သို့ ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) တပ်ရင်း(၁)၊ စစ်ဒေသ (၁) ဂန့်ဂေါခရိုင်တပ်ရင်း (၃) နှင့် (၁၃) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မေလ၊ ၂၆ ရက်နေ့ နံနက်ပိုင်းကလည်း ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့မှ တက်လာသည့် စစ်ကောင်စီအင်အား (၁၈၀) ခန့်ကို ကျောက်ထု-မင်းတပ်လမ်းပိုင်းတွင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ ပဒေသာမိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ သေဆုံးမှုရှိခဲ့သည်ဟု စုံစမ်းသိရှိရသည်။