By MPA CJ 020
မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အခွန်ရုံး၊ မေလ ၂၇ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် လက်ပစ်ဗုံးနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရုံးရှေ့တွင် ရပ်ထားသည့် ကားနှစ်စီး ထိခိုက်ပျက်စီးခဲ့သည်ဟု စုံစမ်းသိရှိရသည်။
ပြည်ကြီးတံခွန်မြို့နယ်၊ မြဝတီမင်းကြီး ၁ လမ်း၊ ၇၅ (D) လမ်းရှိ အခွန်ရုံးကို လက်ပစ်ဗုံးနှင့် ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ဗုံးစမှန် ပျက်စီးသွားသည့် ကားနှစ်စီးတွင် တစ်စီးမှာ ပြည်သူတစ်ဦးပိုင်သည့် ကားဖြစ်သည်ဟု သိရသည့်အတွက် စိတ်မကောင်း ဖြစ်ရကြောင်း ပြည်ကြီးတံခွန် No More Dictatorship Peoples Defense Force မှ တာဝန်ခံ Zeus က ပြောသည်။
“ ပြည်သူတွေ ထိခိုက်ဆုံးရှုံးတယ်ဆိုရင် ကျွန်တော်တို့ အတော်စိတ်မကောင်း ဖြစ်ရပါတယ်။ အနူးအညွတ်လည်း တောင်းပန်ပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း မေတ္တာရပ်ခံတာ သတိပေးတာ အကြိမ်ကြိမ် လုပ်ခဲ့ပီပါပြီ။ တော်လှန်ရေးအရှိန်မြင့်လာတာနဲ့အမျှ တိုက်ခိုက်ရေး ဖောက်ခွဲရေးတွေ ပိုပြီးကြမ်းလာမှာဖြစ်လို့ စကစနဲ့ ဝေးဝေးနေဖို့ ပြောချင်ပါတယ်။ UG တွေရဲ့ ထုတ်ပြန်စာတွေကို အလေးနက်ထားပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု တာဝန်ခံ Zeus က ပြောသည်။
ပြည်ကြီးတံခွန် မြို့နယ်အခွန်ရုံးတွင် စစ်ကောင်စီတပ် လက်အောက်ခံ ဝန်ထမ်းများရှိနေခဲ့သော်လည်း ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိကြောင်း စုံစမ်းသိရှိရသည်။
ထို အခွန်ရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်မှ စစ်သား ၁၆ ယောက်ခန့် အရပ်ဝတ်များ၊ ယူနီဖောင်းများနှင့် RPG များအပါအဝင် လက်နက်အပြည့်အစုံနှင့် လာရောက်စစ်ဆေးခဲ့သည်ဟု သိရသည်။
ပြည်သူများအနေနှင့် စစ်ကောင်စီတပ်ယန္တရားလည်ပတ်အောင် ကူညီထောက်ပံ့နေသည့် ရုံးများ၊ စစ်သားများ၊ ပတ်ကင်း၊ အထိုင်ကင်းများနှင့် ဝေးဝေးနေကြရန် No More Dictatorship Peoples Defense Force မှ အသိပေးထားသည်။