မလေးရှားနိုင်ငံတွင်အလုပ်လုပ်ကိုင်နေသည့် ရခိုင်လူငယ်များစုစည်းကာ မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်သို့ အလှူငွေများ ထောက်ပံ့သွားမည်ဟု စုံစမ်းသိရှိရသည်။
“ကျွန်တော်တို့မလေးရောက်နေတဲ့ အိုသမား (တရားမဝင်ရောက်ရှိနေသူ) တွေ အကုန်စုပြီးတော့ ပိုက်ဆံတွေ ကောက်နေကြတယ်။ ပမာဏတော့ မသတ်မှတ်ထားပေမယ့်အကုန်လုံးက ကိုယ်စေတနာရှိသလောက် တက်နိုင်သလောက် ထည့်ကြပါတယ်။ ဒီအပတ်ထဲတော့ရခိုင်ကို အရောက်ပို့ပေးနိုင်ဖို့ ရည်မှန်းထားတယ်”ဟု မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့်ကိုမင်းကျော်သူက MPA သို့ ပြောသည်။
မုန်တိုင်းစတင်တိုက်ခတ်ခဲ့သည့် မေလ ၁၄ ရက်နေ့တွင် အိမ်များ ပြိုပျက်ခဲ့ပြီးနောက်အလှူငွေကောက်ခံခြင်းလုပ်ငန်းစဉ်ကို မေလ ၁၅ ရက်နေ့မှ စတင် ကောက်ခံခြင်းဖြစ်ကြောင်း သိရသည်။
“လေမုန်တိုင်းတိုက်ပြီးတော့အိမ်တွေပြိုတာတွေရှိတော့ ကျွန်တော်တို့ အကုန်လုံးစုစည်းပြီး တိုင်ပင်ကြတယ်။ပြီးတော့ အလှူငွေကောက်တယ်။ စက်ရုံမှာက လူများတော့ ရခိုင်ကို လုံလောက်တဲ့ပမာဏတစ်ခုနဲ့ ထောက်ပံ့နိုင်သွားမယ်လို့လည်းကျွန်တော်တို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ ကောက်ခံပြီးရင်တော့ မလေးရှားမှာ ရှိတဲ့ မြန်မာအဖွဲ့အစည်းတွေနဲ့ ချိတ်ပြီး ရခိုင်ကို လှူနိုင်ဖို့ ပို့ပေးတော့မှာပါ”ဟုမလေးရှားနိုင်ငံတွင် စက်ရုံအလုပ် လုပ်ကိုင်နေသည့် ရခိုင်လူငယ်တစ်ဦးက ဆက်လက် ပြောပြသည်။
လက်ရှိတွင် မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သည့် ရခိုင်ပြည်နယ်တွင်အရေးပေါ် ကူညီကယ်ဆယ်ရေးများအတွက် လိုအပ်ချက်များ ရှိနေသည်ဟု စုံစမ်းသိရှိရသည်။
စစ်ကောင်စီအနေဖြင့် မုန်တိုင်းဒဏ်သင့် ရခိုပြည်နယ်သို့ရိက္ခာများနှင့် လိုအပ်သော ပစ္စည်းများအားပေးပို့နေကြောင်းသတင်းထုတ်ပြန်ထားသော်လည်း မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများထံ ထိရောက်စွာရောက်ရှိခြင်း မရှိဟု ဒေသခံများထံမှ သိရှိရသည်။
ရခိုင့်တပ်တော် (AA)ကလည်း ၎င်းတို့၏ အင်အားဖြင့်သဘာဝဘေးအန္တရာယ်ကပ်ဆိုးအား ဖြေရှင်းရန် မလုံလောက်သည့်အတွက် နိုင်ငံတကာမှကူညီပေးရန်အတွက် တောင်းဆိုထားသည်။