မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံရပြီးနောက် ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် နေအိမ်များ ပျက်စီးဆုံးရှုံးသွားသော ပြည်သူများအနေဖြင့်အကူအညီများစွာ လိုအပ်နေသည်ဟု စုံစမ်းသိရှိရသည်။
မင်းတပ်မြို့ ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ မေလ ၂၀ ရက်နေ့က ထုတ်ပြန်ထားသည့် စာရင်းများအရ ချင်းပြည်နယ် မင်းတပ်မြို့၌ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့်ပျက်စီးဆုံးရှုံးသွားသော အဆောက်အအုံပေါင်း ၈၆၈လုံးရှိပြီး တိရိစ္ဆာန် ၁၃ ကောင် သေဆုံးခဲ့သည်ဟု သိရှိရသည်။
ပျက်စီးဆုံးရှုံးမှုများတွင် နေအိမ်ပျက်စီးမှု ၅၉၇ လုံး၊ စပါးကျီပျက်စီးဆုံးရှုံးမှု ၁၅၄ လုံး၊ အစိုးရအဆောက်အအုံ ၉၄ လုံးနှင့် ဘာသာရေးအဆောက်အအုံ ၂၃ လုံး ပါဝင်သည်ဟု သိရသည်။
လက်ရှိတွင် အစားအသောက်အတွက် ကူညီမှုအချို့ ရရှိနေသော်လည်း ပြန်လည်တည်ဆောက်ရေး အစီအစဉ်များအတွက် အကူအညီများစွာ လိုအပ်လျက်ရှိသည်ဟု စုံစမ်းသိရှိရသည်။
“ နေအိမ်ပျက်စီးဆုံးရှုံးသွားကြတဲ့ သူတွေအနေနဲ့ စားနပ်ရိက္ခာအရ အဆင်ပြေပေမဲ့နေအိမ်တွေ ပြန်ဆောက်လုပ်ဖို့ သွပ်မိုး၊ သံ အစရှိတာတွေတော့ လိုအပ်နေပါတယ်” ဟု မင်းတပ်မြို့ခံ ပြည်သူတစ်ဦးက ပြောပြသည်။
မုန်တိုင်းဒဏ်ကြောင့် နေအိမ်ပျက်စီးဆုံးရှုံးရသူများအနေဖြင့် လက်ရှိတွင် နေအိမ်များ ပြန်လည်မပြင်ဆင်နိုင်သေးဘဲ နီးစပ်ရာ ဆွေမျိုးများအိမ်၌ စုပေါင်း နေထိုင်လျက် ရှိကြကြောင်းသိရသည်။
“ ပြန်လည်ပြင်ဆင်ရေးအတွက်လိုအပ်တဲ့ သွပ်၊ သံ စတာတွေ ၀ယ်ဖို့ကလည်း ပုံမှန်ထက် ဈေးနှစ်ဆလောက် တက်နေတော့မလွယ်ဘူး။ ကားခက အစ အကုန်ဈေးတက်ကြတာပါ့” ဟု မင်းတပ်မြို့ခံက ဆက်လက် ပြောပြသည်။
မုန်တိုင်းဒဏ်ခံရပြီးနောက်မင်းတပ်ဒေသခံများအနေဖြင့် လက်ရှိအခက်အခဲများ ရင်ဆိုင်နေရသည့်အပြင် စစ်ကောင်စီဘက်မှလေကြောင်းနှင့် မြေပြင်တွင်ပါ အချိန်မရွေး စစ်ကြောင်းထိုးနိုင်သည့် အခြေအနေကြောင့် စိုးရိမ်ပူပန်လျက် ရှိသည်ဟု စုံစမ်းသိရှိရသည်။