နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅-က နှင့် တရားစွဲထောင်ချခံထားရသည့် ငြိမ်းချမ်းရေးအဆိုတော် စောဖိုးခွားသည် ယနေ့ မေလ ၂၁ ရက်နေ့တွင် သာယာဝတီအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့ကြောင်းစုံစမ်းသိရှိရသည်။
“ဟုတ်ပါတယ်။ ပြန်လွတ်ပါပြီ။ သာယာဝတီ အကျဉ်းထောင်ကနေ ပြန်လွတ်ခဲ့တာပါ။ရာဇဝတ်ကျင့်ထုံး ဉပဒေ ပုဒ်မ ၄၀၁ (၁) အရ ခံဝန်နဲ့ လွတ်လာတာပါ။ အိမ်တော့ ပြန်မရောက်သေးဘူး”ဟု တရားဉပဒေအကြံပေးရှေ့နေ ဦးခင်မောင်မြင့်က MPA သို့ ပြောသည်။
အဆိုတော် စောဖိုးခွားသည် လက်ရှိအချိန်တွင် အိမ်သို့ ပြန်ရောက်နေပြီဖြစ်ကြောင်း ၎င်း၏ မိသားစုဝင်တစ်ဦးမှ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသော်လည်း MPA အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
စစ်အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် အနုပညာရှင်ပေါင်းများစွာ ဖမ်းဆီးခံခဲ့ရပြီး ထိုထဲတွင် အဆိုတော် စောဖိုးခွားသည် အခြားဖမ်းဆီးခံရသည့် အနုပညာရှင်များထက် စောစီးစွာ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသူဖြစ်သည်။
တေးသံရှင် စောဖိုးခွားသည် ငြိမ်းချမ်းရေးနှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် သီချင်းများအား ရေးသားသီဆိုသူတစ်ဦးဖြစ်ပြီး ဒီမိုကရေစီအရေး လှုပ်ရှားသူများအကြားတွင် ထင်ရှားသူဖြစ်သည်။
အဆိုတော် စောဖိုးခွားသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က အင်းစိန်အကျဉ်းထောင်မှ လွတ်ငြိမ်းဖြင့် လွှတ်ပေးသည့် စာရင်းတွင် ပါဝင်ခဲ့သော်လည်း ထပ်မံတရားစွဲဆိုထားသည့် အမှုရှိသည်ဟုဆိုကာ စစ်ကောင်စီမှ ပြန်လည်ဖမ်းဆီးပြီး အင်းစိန်ထောင်အတွင်းသို့ ပြန်ပို့ခံခဲ့ရသည်။
ယခုပြန်လည်လွတ်မြောက်ချိန်တွင် သာယာဝတီထောင်မှပြန်လွတ်ခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။