မိုခါဆိုင်ကလုန်းမုန်တိုင်းအလွန် ရခိုင်ပြည်နယ်တွင်ကုန်ဈေးနှုန်းများ အဆမတန် မြှင့်တင်ရောင်းချနေမှုအား ရခိုင့်တပ်တော် (AA) မှညှိနှိုင်းဆောင်ရွက်သွားမည်ဟု ရခိုင့်တပ်တော်မှ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခမှ MPA သို့ ပြောသည်။
“ ကျွန်တော်တို့ရခိုင့်တပ်တော်အနေနဲ့ကတော့ ဒေသခံကုန်သည်တွေနဲ့ ဆိုင်ရှင်တွေကို နားလည်အောင်ရှင်းပြ ပြောပြနေတာတွေတော့ ရှိပါတယ်။ကျွန်တော်တို့ အုပ်ချုပ်ရေးအဖွဲ့တွေက တစ်ဆင့် ဈေးတွေတင်မရောင်းကြဖို့ ညှိနှိုင်းမှုတွေ လုပ်နေတာရှိပါတယ်။ အခက်အခဲကာလမှာ တရားမျှတမှုရှိဖို့လိုအပ်နေတာဖြစ်တဲ့အတွက် ရခိုင့်တပ်တော်အနေနဲ့အကောင်းဆုံးညှိနှိုင်းဆောင်ရွက်နေပါတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့်နေ မေ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်အတွင်းရှိမြို့နယ်များတွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် မြို့ပေါ်ဒေသနှင့်ကျေးလက်ဒေသများတွင် နေအိမ်အများအပြား ပျက်စီးခဲ့သည်။ ထို့နောက်တွင်အိမ်ဆောက်ပစ္စည်းများမှာ ဝယ်ယူရ အခက်အခဲဆုံးဖြစ်နေပြီးဈေးများလည်း အဆမတန်မြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။
“ အခုကလေ နေရာစရာအခက်အခဲဖြစ်တာပေါ့နော်။ မုန်တိုင်းတိုက်တဲ့အချိန်မှာ တစ်ချို့ဆို အိမ်တွေကအိမ်လုံးကျွတ်ပြီးကို ပါသွားခဲ့တာ။ တွေ့တဲ့ သံဖြူ (သွပ်မိုး) တွေကို ကောက်ပြီး တဲအဖြစ်နဲ့ ထိုးနေတော့လည်းလေပြင်းထပ်တိုက်လို့ ပါသွားကြတာတွေလည်း ရှိတယ်။ အခုကတော့ ကိုယ်တွေက နေဖို့အတွက်အိမ်တိုင်တွေကျန်ခဲ့သေးတယ်။ အမိုးအတွက်ပဲ ဒုက္ခရောက်နေရတာပေါ့။ အမိုးတွေကကိုယ့်နေရာ ကိုယ့်ဒေသမှာ ဝယ်လို့ မရဘူး။ မြို့ပေါ်မှာတော့ နံပါတ်နဲ့ တန်းစီပြီးဝယ်ရင်ရတယ်။ ဈေးကတော့ ၂ ဆကို တက်နေတာ” ဟု စစ်တွေမြို့ပေါ်သို့ရောက်ရှိနေသော ဒေသခံတစ်ဦးမှ ပြောသည်။
သဘာဝကပ်ဘေးတစ်ခုခုဖြစ်ချိန်နှင့် ပြည်သူများ အခက်အခဲဖြစ်နေချိန်များတွင်စီးပွားရေးသမားများအနေဖြင့် ဈေးတင်ရောင်းချမှုသည် ဖြစ်လေ့ ဖြစ်ထရှိသည့်ကိစ္စရပ်တစ်ခုဖြစ်နေသည်ဟု ဦးခိုင်သုခမှ ပြောသည်။ ထိုသို့ လုပ်ဆောင်ခြင်းသည်တရားမျှတမှု မရှိသည့် လုပ်ရပ်ဖြစ်သည်ဟုလည်း ၎င်းက ဆက်လက်အသိပေးသည်။
စျေးတင်ရောင်းချမှုများနှင့် ပတ်သက်၍ မုန်တိုင်းဒဏ်သင့်သည့်ရခိုင်ပြည်နယ်ဒေသများသို့ ရန်ကုန်မြို့မှ အိမ်ဆောက်ပစ္စည်းများ သယ်ယူလာသည့် ကုန်တင်ကားများဝင်ရန်ရှိနေသောကြောင့် ဈေးများအဆမတန်ပေး၍ မဝယ်ကြရန် ရန်ကုန်မြို့ရှိ အိမ်ဆောက်ပစ္စည်းရောင်းချသူတစ်ဦးက ပြောသည်။
“ ကျွန်တော်တို့ဆိုင်ကနေတော့အိမ်ဆောက်ပစ္စည်းတွေနဲ့ ပတ်သက်တာတွေကို ရခိုင်ကို ကုန်တင်ကားနဲ့တော့ပို့ပေးလိုက်ပါပြီ။ ရခိုင်မှာက ပစ္စည်းရှိတဲ့ ဆိုင်တွေက ဈေးတွေအဆမတန်တင်ရောင်းနေတော့မုန်တိုင်းဒဏ်ခံထားရတဲ့ ပြည်သူတွေက တစ်ပူပေါ်နှစ်ပူဆင့်သလို ဖြစ်တာပေါ့။ အဲ့ဒါကြောင့် ဈေးကြီးပေးပြီး မဝယ်ကြပါနဲ့။ ကျွန်တော်တို့ကုန်ကားရောက်တဲ့အချိန်ထိ ခဏတော့ စောင့်ပေးပါလို့ ပြောချင်ပါတယ်” ဟု ဆိုသည်။
လက်တလောတွင် သံဖြူ၊ တာပေါ်လိန်၊ သစ်၊ ဝါးနှင့် အိမ်ဆောက်သံမှိုစသည့်ပစ္စည်းများကို ပုံမှန်ဈေးထက်ဈေးအဆမတန် မြှင့်တင်ကာ ရောင်းချနေကြသလို မုန်တိုင်းဒဏ်ခံရသည့် နေရာများတွင်ဝယ်ယူရရှိရန်ပင် ခက်ခဲလျက်ရှိနေကြကြောင်းသိရသည်။
သံဖြူ (သွပ်မိုး) ဈေးနှုန်းများသည် တစ်ပေလျှင် ၁၈၀၀ ကျပ်၊ ၂၅၀၀ ကျပ်၊ ၃၆၀၀ ကျပ်၊ ၄၃၀၀ ကျပ်အထိ အရည်အသွေးအလိုက်ဈေးအမျိုးမျိုးရှိနေပြီး ၎င်းဈေးနှုန်းများသည် ပုံမှန်ဈေးနှုန်းထက် များသည့် ဈေးနှုန်းများဖြစ်ကြောင်း စုံစမ်းသိရှိရသည်။