မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သည့် ရခိုင်ပြည်နယ်အတွက် ညီနောင်မဟာမိတ်အဖွဲ့များ၏ အကူအညီအထောက်အပံ့များအား စတင်အသုံးပြုနေကြောင်း ရခိုင့်တပ်တော် (AA) မှ ပြောကြားလိုက်သည်။
ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့တွင် ကေအိုင်အိုဗဟိုဌာနချုပ်၊ မြန်မာနိုင်ငံအမှန်ဆရားနှင့် တရားမျှတသော အမျိုးသားပါတီ/မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNTJP/ MNDAA) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့မှ ပေးအပ်သော အလှူငွေများအား မုန်တိုင်းဒဏ်တိုင်းသင့်ပြည်သူများ၏ အရေးပေါ်လိုအပ်ချက်များအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
“ ကျွန်တော်တို့ အနေနဲ့ ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့တည်းက စာရင်းတွေကောက်နေတယ်။ ပြီးတော့ မုန်တိုင်းကြောင့် ပိတ်နေတဲ့ လမ်းတွေကိုလည်း ပြန်လည်း ရှင်းလင်းနေတယ်။ ပြိုပျက်သွားတဲ့ နေအိမ်တွေကိုလည်း ယာယီနေလို့ရအောင် ပြန်လည် တည်ဆောက်ပေးနေတယ်။ တခြားလိုအပ်တဲ့ အရေးပေါ်ပစ္စည်းတွေနဲ့ ပတ်သက်ပြီးတော့လည်း လိုအပ်တဲ့အရာတွေကို ရှိသမျှအရင်းအမြစ်တွေကို သုံးပြီး လုပ်ဆောင်ပေးနေတယ်။ လိုအပ်ချက်တွေကတော့ အများကြီးရှိနေပါသေးတယ်” ဟု ရခိုင့်တပ်တော် (AA) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက MPAသို့ ပြောသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်တစ်ဝန်းလုံးသည် မုန်တိုင်းဒဏ်ကိုခံခဲ့ရကာ ၉၅ ရာခိုင်နှုန်းနှင့် အထက် ပျက်စီးသွားသည့်အတွက် ပြန်လည်ထူထောင်ရန် နိုင်ငံတကာအကူအညီများလည်း လိုအပ်နေကြောင်း ၎င်းမှ ဆက်ပြောသည်။
” ကျောက်တော်နဲ့ ရသေ့တောင်ဘက်က ပြည်သူတွေဆိုရင် မေလ ၁၄ ရက်နေ့ မုန်တိုင်းတိုက်ခတ်အပြီးမှာတောင် မေလ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ မိုးသက်လေတွေ ထပ်ချတော့ ယာယီလုပ်ထားတဲ့ တဲတွေက ပြန်ပြိုတော့ အကြီးအကျယ်နဲ့ ဒုက္ခရောက်ခဲ့ရတယ်။ ဒါကြောင့် UN အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ဒုက္ခရောက်နေတဲ့ ရခိုင်ပြည်သူတွေဆီကို အမြန်ဆုံးလာရောက်ပြီး ကူညီထောက်ပံ့မှုတွေကို အရောက်ပို့ပေးကြဖို့ကို မေတ္တာရပ်ခံတောင်းဆိုချင်ပါတယ်” ဟု ဆိုသည်။
မေလ ၁၄ ရက်နေ့တွင် အင်အားပြင်းမိုခါမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်အတွင်း ကြီးမားစွာပျက်စီးဆုံးရှုံးခဲ့ရပြီး နောက်ဆက်တွဲ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကေအိုင်အိုဗဟိုဌာနချုပ်မှ မြန်မာငွေကျပ် သိန်းသုံးထောင်အား ရခိုင်အမျိုးသားအဖွဲ့ချုပ်ဆီ ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့က ပေးအပ်ခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ/ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNTJP/MNDAA) မှ ကျပ်သိန်းတစ်ထောင်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ကျပ်သိန်းတစ်ထောင်တို့ကိုလည်း ပေးအပ်ခဲ့ကြောင်း သိရသည်။