ကရင်ပြည်နယ်၊မြဝတီမြို့နယ်အတွင်း လက်နက်ကြီး ပစ်အားဖြင့် စစ်ကြောင်းထိုးလာသည့် စစ်တပ် ၈ဦးသေဆုံးကာ တပ်ဆုတ်ပြေးသွားကြောင်းသိရသည်။
စစ်ကောင်စီတပ်ရင်းများဖြစ်သည့် ခမရ(၁၁၈)၊ လ(၈)၊ ခလရ(၂၇၅)နှင့် BGF(၁၀၁၉)တပ်ရင်းတို့ ပူးပေါင်းကာ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များဆီသို့ မေလ ၁၁ရက်နေ့မှ ၁၃ရက်နေ့အထိ ၁၂၀(မမ)လက်နက်ကြီးပစ်ကူအားဖြင့် စစ်ကြောင်းထိုးတိုက်ခိုက်လာခြင်းဖြစ်ကြောင်း ကော်ဘရာစစ်ကြောင်း တပ်ခွဲမှူး ကိုရှိုင်းကပြောသည်။
“ မေလ ၁၁ရက်နေ့က သူတို့စတိုက်တာပေါ့။လက်နက်ကြီးနဲ့ တရစပ်ထုပြီး တက်လာကြတာ။တနေကုန်နီးပါးတိုက်ပွဲဖြစ်တယ်။ကျွန်တော်တို့ဘက်က ၂ယောက်ဒဏ်ရာရတယ်။သူတို့ဘက်ကတော့ ဘယ်လောက်ထိလဲဆိုတာ မသိရဘူး။တိုက်ပွဲကပြင်းတာကိုး။၁၂ရက်နေ့ကတော့ ကျွန်တော်တို့နေရာယူထားတဲ့ကင်းဆီကို ဝင်ချလာတာ။၁၃ရက်နေ့ကတော့ သူတို့နေရာကို ကျွန်တော်တို့ လက်နက်ကြီးကာပစ်ပြီး စစ်ကြောင်းထိုးတာပေါ့။ရဲဘော်တစ်ဦး ကျခဲ့ပါတယ်” ဟု ကိုရှိုင်းကပြောသည်။
ယင်းသုံးရက်တာတိုက်ပွဲသည် မြဝတီမြို့နယ် လက်ခတ်တောင်နှင့် ကျောက်မိုင်းဒေသအတွင်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှစစ်သား ၂၇ဦးလည်း ဒဏ်ရာရခဲ့သည်။
တော်လှန်ရေး ပူးပေါင်း မဟာမိတ်တပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးကာ ရဲဘော် ၁၀ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
“ ဟိုကောင်တွေ(စစ်ကောင်စီ)ဘက် သေဆုံးနဲ့ ဒဏ်ရာရစာရင်းက ပထမနေ့မပါဘဲ နှစ်ရက်စာပေါ့။ပထမနေ့က ဘယ်လောက်ထိလဲဆိုတာ အတည်ပြုမရလိုက်ဘူး။ကျွန်တော်တို့ဘက်က ရဲဘော် ၁ ဦး နောက်ဆုံးရက်မှာ ကျခဲ့တယ်။ရဲဘော် ၁၀ဦးထိခိုက်ဒဏ်ရာရတယ်ဆိုတာကတော့ စစ်တပ်ဘက်က လက်နက်ကြီးတွေ ဆက်တိုက်ထုလို့ပေါ့။၁၂၀(မမ) တွေပစ်တာများတယ်။ရေတောင်မနိုင်တော့ဘူး။စိုးရိမ်ရတဲ့အနေအထားမဟုတ်ပါဘူး။အကုန်လုံးအေးဆေးပါပဲ” ဟု ကိုရှိုင်းကပြောသည်။
လက်ရှိတွင် စစ်ကောင်စီ စစ်ကြောင်းသည် ၎င်းတို့ စိုးမိုးနယ်မြေအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားပြီး လတ်တလော တိုက်ပွဲများငြိမ်သက်လျက်ရှိသည်။
“ ၃ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အင်အားဘယ်လောက်နဲ့လာလဲ ဆိုတာပြောဖို့ခက်တယ်။တစ်နေရာထဲက စုလာတာမဟုတ်တော့ ခန့်မှန်းရခက်တယ်ဗျ။တပ်ရင်း တွေကများတယ်လေ။လတ်တလော တိုက်ပွဲကတော့ ငြိမ်နေပါတယ်။သူတို့က အင်အားသုံးပြီး တိုက်ခိုက်လာတော့ သတိတော့ထားနေရတာပေါ့” ဟု တပ်ခွဲမှူး ကိုရှိုင်းကဆက်လက်ပြောသည်။ သုံးရက်တာ တိုက်ပွဲကို တပ်မဟာ(၆)၊ KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings နှင့် Golden Eagle ပူးပေါင်းတပ်ဖွဲ့တို့က ရင်ဆိုင် ဆင်နွှဲခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။
စစ်သားများ သေဆုံး၊ဒဏ်ရာရခြင်းနှင့်ပတ်သက်ပြီး MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။