မိုခါဆိုက်ကလုန်းမုန်တိုင်းကြောင့် ရခိုင်တွင် ကိုယ်ဝန်သည်တစ်ဦးအပါအဝင် လူ ၆ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ကနဦး သတင်းရရှိသည်။
စစ်တွေမြို့မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း၏ စာရင်းအရ စစ်တွေမြို့ဆင်ကူးလမ်းရပ်ကွက်မှ ၁ ဦး၊ ရဲတပ်ရင်းမှ ၁ ဦး၊ မင်းဂန်းတောကျေးရွာမှတစ်ဦး၊ မင်းပြားမြို့နယ် စွန်ရဲကျေးရွာမှ ၁ ဦးအပြင် နောက်ထပ်အမည်မသိသူတစ်ဦး စုစုပေါင်း ၅ ဦး၏ စာရင်းကို ကနဦးဖော်ပြထားသည်။
၎င်းအပြင် ကျေးရွာတစ်ခုလုံး ပျက်စီးသွားခဲ့သည့် မြောက်ဦးမြို့နယ်အောက်စည်းမောင်းကျေးရွာတွင် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးသေဆုံးခဲ့ကြောင်း Rakhine Covid 19 Watch လူမှုစာမျက်နှာ၏ သတင်းအရသိရသည်။
အဆိုပါကိုယ်ဝန်ဆောင်အမျိုးသမီးသေဆုံးရခြင်းအကြောင်းနှင့် ပတ်သက်၍ မြောက်ဦးမြို့နယ်မှ မုန်တိုင်းကယ်ဆယ်ရေးလုပ်ဆောင်နေသူများထံ ဆက်သွယ်နေသော်လည်း အဆက်အသွယ်မရရှိသေးပေ။
မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တင်ထားတာက စစ်တွေမှာ သေဆုံးတဲ့စာရင်းပဲကို တင်ထားတာပါ။ တစ်ခြားဘက်တွေကို လက်လှမ်းမမီသေးပါဘူး။ ဖုန်းလိုင်းကအခုမှရတာဆိုတော့” ဟု ပြောသည်။
မိုခါ ဆိုက်ကလုန်းမုန်တိုင်းဒဏ်ကို ရခိုင်ပြည်နယ် စစ်တွေမြို့၊ မြောက်ဦး၊ ကျောက်တော်၊ ဂွ၊ ပေါက်တော၊ သံတွဲ မင်းပြားမြို့နယ်နှင့် မာန်အောင်မြို့နယ်များတွင် အများဆုံးခံခဲ့ရသည်။