မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ အနီးစခန်းအနီး ရဲစခန်းရှေ့၊ ရဲကင်းရှေ့တွင် ယနေ့ နံနက် ၈ နာရီဝန်းကျင်က လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲပြီး ရဲတစ်ဦး ပိမိသေဆုံးခဲ့သည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“ အနီးစခန်း တခုလုံး ဘယ်မှာမှ မဖြစ်ဘူး။ သူတို့ စခန်းရှေ့ပဲ ဓာတ်တိုင် ၂ တိုင်လဲပြီး အပင်တစ်ပင်လဲတာ။ ရဲတစ်ယောက် ပိသေတာ” ဟု ယင်းအနီးနားရှိ ဒေသခံတစ်ဦးက ပြောသည်။
ဒေသခံများ၏ ပြောပြချက်အရ သစ်ပင်လဲကျ ပိမိသည့် ရဲသည် ဦးခေါင်းပွင့် ဒဏ်ရာနှင့် သေဆုံးခဲ့ပြီး ရဲစခန်းရှေ့တွင်လည်း ပျက်စီးနေသော ကားနှစ်စီးကိုလည်း တွေ့ခဲ့ရသည်ဟု ဆိုသည်။
သစ်ပင်ပိသေဆုံးသွားသည့် ရဲအလောင်းကို ပြင်ဦးလွင် နာမှုကူညီရေးအသင်းကားနှင့် ပြင်ဦးလွင်ဆေးရုံသို့ ပို့ဆောင်ထားပြီး ထိုအဖြစ်အပျက်ဖြစ်ပြီးနောက် သစ်ပင်လဲကျသည့် နေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးခဲ့သည်ဟု စုံစမ်းသိရှိရသည်။
ပြင်ဦးလွင်မြို့တွင် မေလ ၁၃ ရက်နေ့ နံနက်ခင်းက စတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုများ ရှိနေသလို လေပြင်းတိုက်ခတ်မှုများကြောင့် သစ်ပင်လဲကျသည့် ဖြစ်ရပ်များဖြစ်ပေါ်လျက်ရှိနေသည်။ ယနေ့တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိသည်ဟု စုံစမ်းသိရှိရသည်။