ခရီးသည်တင်ယာဉ်တစ်စီးလည်း မှားယွင်းပစ်ခတ်ခံရကာ ပြည်သူတစ်ဦး သေဆုံးဟုဆို
တနင်္သာရီတိုင်း၊ မြိတ်-တနင်္သာရီလမ်းပိုင်းပေါ် ပြည်သူအယောင်ဆောင်ကာ မောင်းနှင်လာသော စစ်ကောင်စီယာဉ်မိုင်းဆွဲခံရပြီး ၅ဦးသေဆုံးကာ ခရီးသည်တင်ကားတစ်စီးလည်း မှားယွင်းပစ်ခတ်ခံရ၍ ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။
မေလ ၇ရက်နေ့၊မွန်းလွဲ ၂နာရီခန့် ကတနင်္သာရီမြို့နယ်၊ ဆန်းသစ်ရွာနှင့် လသာရွာအနီးတွင် စစ်သားများတင်ဆောင်လာသည့် ကား၃စီးကို မိုင်းဆွဲခဲ့ရာ တစ်စီးထိမှန်ခဲ့ပြီးခရီးသည်တင်ကားကိုမူ စစ်သားများတင်လာသည့် ကားဟု ထင်ကာ ဒေသတွင်း PDF တပ်ဖွဲ့က မှားယွင်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်း PDFတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။
“ Bingo ကားအမဲနဲ့ စစ်ကောင်စီဘက်က ကားသုံးစီးတက်လာတာ။အဲ့ဒါကို ပဒေသာမိုင်းခွဲလိုက်ပုံရတယ်။ခရီးသည်တင်ကားဆိုတာလည်း Expressကားမဟုတ်ဘဲ ရိုးရိုးကားပဲ။ကားအဖြူ နောက်မှာ အမိုးနဲ့ ကားပေါ့။အဲ့တော့ စစ်ကားထင်ပြီး မှားပစ်မိတာ။ပြည်သူတစ်ဦးသေပြီး ၆ဦးဒဏ်ရာရတယ်။စစ်တပ်ဘက်က ကားတစ်စီးပဲထိတယ်” ဟု ၎င်းကပြောသည်။
စစ်သားနှင့် ခရီးသည်များ သေဆုံးဒဏ်ရာရခြင်းနှင့်ပတ်သက်ပြီး MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
မိုင်းဆွဲတိုက်ခိုက်မှု ဖြစ်ပွားပြီး လေးနာရီခန့်အကြာတွင် မြိတ်-တနင်္သာရီလမ်းပိုင်းပေါ်ရှိ ဇဝဲလမ်းဆုံနှင့် တကူကားလမ်းကို စစ်ကောင်စီတပ်က တစ်ပတ်တိတိ ယာယီဖြတ်သန်းသွားလာခွင့်မပြုတော့ကြောင်း မြိတ်ဒေသခံများကပြောသည်။
“ ဇဝဲလမ်းဆုံနဲ့ တကူကားလမ်းဆိုတာ စစ်တပ်ဂိတ်ကြီးရှိတဲ့နေရာပေါ့။အဲ့ဂိတ်မှာ စစ်သားတွေအများကြီးရှိပြီး အမြဲစစ်နေတဲ့နေရာပေါ့။အဲ့လမ်းကို ၇ရက်နေ့ကနေ ၁၃ရက်နေ့အထိ ပိတ်လိုက်တာ။ထုတ်ပြန်တာမျိုးတော့မရှိပေမယ့် အမြဲဖြတ်နေတဲ့ကားသမားတွေကို စစ်တပ်က ပါးစပ်ပြောပြောတာတော့ရှိတယ်။ဘယ်သူမှလည်း ဖြတ်တာမတွေ့သေးဘူး။မေလ ၇ရက်နေ့ကနေ ၁၃ရက်နေ့အထိ ပိတ်ထားတယ်။တစ်ပတ်ကကိစ္စမရှိပေမယ့် အရမ်းကြာမယ်ဆို ပြည်သူတွေအတွက် ပြဿနာရှိလာနိုင်တယ်” ဟု မြိတ်ဒေသခံတစ်ဦးက ပြောသည်။
ဧပြီ ၁ရက်နေ့ ည ၇နာရီခွဲခန့်ကလည်း မြိတ်မြို့မှ ကော့သောင်းဘက်သို့ မောင်းနှင်လာသည့် မြတ်မန္တလာထွန်းခရီးသည်တင်ယာဥ်တစ်စီး တနင်္သာရီမြို့ပြင်ရှိတိုက်ပွဲကြားထဲရောက်လာရာ မြိတ်ခရိုင်PDFတပ်ရင်း(၂)က မှားယွင်းပစ်ခတ်ခဲ့ခြင်းကြောင့် ၆နှစ်အရွယ်ကလေးနှင့် အမျိုးသမီးတစ်ဦး ကျည်ထိသေဆုံးကာ ပြည်သူ ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။