မွန်ပြည် ကာကွယ်ရေးတပ် (MSDF) တပ်ဖွဲ့ကို KNU တပ်မဟာ ၄ တပ်ရင်း ၁၁ က ချောင်းမြောင်း ပစ်ခတ်သဖြင့် ၄ ဦးကျဆုံးသည့်အပေါ် KNU ဗဟိုမှ စုံစမ်းစစ်ဆေးအရေးယူပေးရန် လိုအပ်နေသည်ဟု မွန်ပြည်ကာကွယ်ရေးတပ် နိုင်ငံရေး၊ စစ်ရေးဦးဆောင် ကော်မတီဥက္ကဋ္ဌ ဒေါက်တာ သီရိမွန်ချမ်းက ယနေ့တွင် ပြောသည်။
မွန်ပြည် ကာကွယ်ရေးတပ် (MSDF)၊ တနင်္သာရီဒေသတပ်၊ တပ်ရင်း (၃) အား ကရင်အမျိုးသား အစည်းအရုံး (KNU/KNLA)၊ တပ်မဟာ (၄)၊ တပ်ရင်း (၁၁) မှ ချောင်းမြောင်း ပစ်ခတ်၍ လက်နက်များ လုယူခဲ့သည့် ဖြစ်စဥ်နှင့် ပတ်သက်၍ လွတ်မြောက်လာသော တပ်ဖွဲ့ဝင်များမှ လုပ်ကြံခံရမှု ဖြစ်စဥ်အား သက်ဆိုင်ရာ အဖွဲ့စည်းများနှင့် ပြည်သူများ သိရှိစေရန် ဖော်ပြရှင်းလင်းသည့် သတင်းစာရှင်းလင်းပွဲအား ယနေ့ မွန်းလွဲ မြန်မာစံတော်ချိန် ၃ နာရီ ၃၀ မိနစ်တွင် MSDF ၏ တာဝန်ရှိသူများက ပြုလုပ်ခဲ့သည်။
“ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ကိစ္စတစ်ခုပဲပေါ့။ အခုချိန်မှာကြတော့ KNU ပဲဖြစ်ဖြစ် ကျွန်တော်တို့ မွန်ပြည်ကာကွယ်ရေးတပ်ပဲဖြစ်ဖြစ်၊ မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်ဖြစ်ဖြစ် ဘယ်တပ်ပဲဖြစ်ဖြစ်ပေါ့နော်။ အခုချိန်မှာကြတော့ စစ်ကောင်စီတပ်ရဲ့ တောင့်တင်းခိုင်မာတဲ့ တပ်ပေါင်းစုတစ်ခုအတွက်နဲ့ တိုက်ပွဲဝင်ဖို့ ကျွန်တော်တို့အားလုံးဆုံးဖြတ်ထားတယ်။ ကျွန်တော်တို့ တပ်မဟာ ၄ နယ်မြေအပြင် တပ်မဟာ ၆ နယ်မြေမှာပါ ကျွန်တော်ကိုယ်တိုင် ဒီဗိုလ်မှူးကြီးအဆင့်နဲ့ တောင်ပိုင်းစစ်ဒေသကော်မတီ စစ်ဒေသမှူးပေါ့ အစီစဉ်ဆွဲထားတာရှိတယ်။ စစ်ရေးဖော်ဆောင်မှုပေါ့နော်။ အခုလိုဖြစ်ပျက်လာတဲ့အခါကျတော့ ယုံကြည်မှုတည်ဆောက်ဖို့လည်း သိပ်မလွယ်တော့ဘူး။ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ကိစ္စတစ်ခုပေါ့နော်” ဟု မွန်ပြည်ကာကွယ်ရေးတပ် နိုင်ငံရေး၊စစ်ရေးဦးဆောင် ကော်မတီဥက္ကဌ ဒေါက်တာ သီရိမွန်ချမ်းက ပြောသည်။
အထက်ပါ ဖြစ်စဉ် နှင့်ပတ်သက်ပြီး KNU စစ်ခုံရုံးသို့ ယမန်နေ့က တိုင်ကြားစာတစ်စောင်ပေးပို့ခဲ့ပြီး KNU ဘက်မှ KNU တပ်မဟာ ၄၊ တပ်ရင်း ၁၁ ၏ တာဝန်ရှိသူများထံ စာပို့မေးမြန်းထားကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု ဒေါက်တာ သီရိမွန်ချမ်းက ပြောသည်။
“ KNU ဘက်ကနေ ဘာများမျှော်လင့်ထားလဲဆို ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့သက်ဆိုင်ရာ တပ်မဟာမှူးပဲဖြစ်ဖြစ်၊ ဒီ KNU ဗဟိုကနေဖြစ်ဖြစ် ဒီကိစ္စက မဖြစ်သင့်မဖြစ်ထိုက်တဲ့ကိစ္စမို့ အားလုံးအရေးယူပေးဖို့လိုတယ်။ ဒါမှသာ ကျွန်တော်တို့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်အပြင် စစ်ကောင်စီကို တိုက်ပွဲဝင်နေတဲ့ ကျွန်တော်တို့ မဟာမိတ် PDF တွေ တခြားလက်နက်ကိုင်အဖွဲ့အစည်းတွေပေါ့နော်။ အခုချိန်မှာကျတော့ အမှန်တရားဖြစ်ဖို့လိုတယ်။ ကျွန်တော်တို့ သဘောထားပေါ့နော်” ဟု ဒေါက်တာ သီရိမွန်ချမ်းက ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့က MSDF တပ်ဖွဲ့အနေဖြင့် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ တပ်ရင်း (၁၁) ၏ ဗိုလ်ကြီး စောဘွဲ့မှူး၏ ဖိတ်ခေါ်ချက်အရ သွားရောက်တွေ့ဆုံခဲ့ပြီး အပြန်တွင် မြိတ်ခရိုင်၊ ဘုတ်ပြင်း မြို့နယ်တစ်နေရာရှိ KNU တပ်မဟာ ၄ တပ်ရင်း ၁၁ ဂိတ်အနီးတွင် တစ်ကြိမ်နှင့် ယင်းနေ့နေ့လယ်ပိုင်းက ပြည်ကြီးမဏ္ဍိုင်ရွာအနီးတွင် တစ်ကြိမ် ချောင်းမြောင်းပစ်ခတ်ခဲ့သဖြင့် ရဲဘော်လေးဦး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။